နာမက္ခရဆန်း နာမည်အဟောကျမ်းကြီး-အပိုင်း(၂)

၃။ ဆန်း၏ သဘာဝ ဣဋ္ဌ- အနိဋ္ဌ

ဆန်း ဗေဒင်သည် ဣဋ္ဌာရုံ ၊ အနိဋ္ဌာရုံသည် အရေးကြီးသာ အပိုင်းကဏ္ဍတွင် ပါဝင်၏။ ထို့ကြောင့် နာမက္ခရဆန်း နာမည်အဟော ကျမ်းမှာလည်း ဣဋ္ဌာရုံ ၊ အနိဋ္ဌာရုံကို ရှေးဦးစွာ ဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။

၁။ ဣဋ္ဌာရုံသည် နှစ်သက်မြတ်နိုး အပ်သည်ကို ဣဋ္ဌာရုံဟု ခေါ်၏။ ကောင်းသောသဘောကို နှစ်သက်၏
၂။ ၊ အနိဋ္ဌာရုံသည် မနှစ်သက်အပ် မမြတ်နိုးအပ် အလိုမရှိအပ်သည်ကို ၊ အနိဋ္ဌာရုံဟုခေါ်၏။ မကောင်းသော သဘောကို နှစ်သက်၏။

ဆန်း ဗေဒင်ပညာသည် ဣဋ္ဌသဘော၊ အနိဋ္ဌသဘောကို ကြံဆ၍ ဆန့်ကျင်ဘက် သဘောများကို ကြည့်ရှု့ပြီး တီထွင်ထားကြောင်း သိအပ်၏။ ဤသတ္တလောကမှာ -ကောင်းသောသဘော၊ မကောင်းသောသဘော ဟူ၍ (၂ ) မျိုး ရပေ၏။ ကောင်းခြင်း၊ မကောင်းခြင်းတို့သည် ဆန့်ကျင်ဘက် သဘောများ ဖြစ်ကြ၏။ အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက်၊ အောက်နှင့် အထက် စသော သဘောများသည် ဆန့်ကျင်ဘက်ဖြစ်ကြောင်း သိသာလှ၏ ။

ဤနေရာ၌ ဣဋ္ဌ အနိဋ္ဌ ယူပုံမှာ -
ကောင်းသော သဘောဟူသမျှကို ဣဋ္ဌ ဟု ယူပါ။
မကောင်းသော သဘောဟူသမျှကို အနိဋ္ဌ ဟုယူပါ။

၎။ ဆန့်ကျက်ဘက်ကို သိစေလို

ကောင်းသော သဘောဟူသည် မကောင်းသော သဘောကိုကြည့်ပြီး အကောင်းဟူ၍လည်းကောင်း၊
မကောင်းသော သဘောဟူသည် ကောင်းသော သဘောကိုကြည့်ပြီး မကောင်းဟူ၍လည်းကောင်း သိအပ်၏။

ဤသတ္တလောကမှာ…….
ကောင်းသော သဘောနှင့် မကောင်းသော သဘောများရှိသကဲ့သို့ အပူနှင့် အအေး၊ ဖိုနှင့်မ၊ ဦးခေါင်းနှင့် ခြေဖ၀ါး၊ လူနှင့် တိရစ္ဆာန်၊ အတွန်းနှင့် အဆွဲ၊ အပေါင်းနှင့်အနုတ်၊ အမြှောက်နှင့်အစား၊ မီးနှင့်ရေ၊ လေနှင့်မြေ၊ အဖြူနှင့် အနက်၊ အနီနှင့် အစိမ်းစသော ဆန့်ကျင်ဘက်များ ရှိကြကြောင်း သတိပြုစေရန် ဖော်ပြလိုက်ခြင်းဖြစ်၏။

ဆန်းပညာဆိုသည်မှာ…..
အညမညသဘော၊ ပဋိပက္ခသဘော၊ မိတ်သဘော၊ ရန်သဘောတို့ကို ရွေးထုတ်၍ ကောင်းခြင်း၊ မကောင်းခြင်း ကိုပင် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

၅။ အညမည ပဋိပက္ခယူပုံ

မိတ် ရန်တို့သဘောကိုပင် ထင်ရှားအောင်ပြပေအံ့။ မိတ်နှင့် မိတ် ၊ ရန်နှင့် ရန်တို့သည် အချင်းချင်း အညမည ဖြစ်ခြင်းကြောင့် အကောင်းဟူ၍လည်းကောင်း ၊ မိတ်နှင့်ရန် ၊ ရန်နှင့်မိတ်တို့သည် အချင်းချင်း ပဋိပက္ခဖြစ်ခြင်း ကြောင့် မကောင်းဟူ၍လည်းကောင်း သဘော ပေါက်ထားရန် လိုအပ်ပေသည်။

ကောင်း + ကောင်း = ကောင်း (အညမညသဘော)
မကောင်း + မကောင်း = ကောင်း (အညမညသဘော)
ကောင်း + မကောင်း = မကောင်း (ပဋိပက္ခသဘော)
မကောင်း + ကောင်း = မကောင်း (ပဋိပက္ခသဘော)
မိတ် + မိတ် = ကောင်း (အညမညသဘော)
ရန် + ရန် = မကောင်း (အညမညသဘော)
မိတ် + ရန် = မကောင်း (ပဋိပက္ခသဘော)
ရန် + မိတ် = မကောင်း (ပဋိပက္ခသဘော)
ပါပ + ပါပ = ကောင်း (အညမညသဘော)
သောမ + သောမ = ကောင်း (အညမညသဘော)
ပါပ + သောမ = မကောင်း (ပဋိပက္ခသဘော)
သောမ + ပါပ = မကောင်း (ပဋိပက္ခသဘော)

ဤနာမက္ခရကျန်း၏ ယူဆပုံနည်းမှာ သိပ္ပံပညာ ဘာသာရပ်ဖြစ်သော အက္ခရာ သင်္ချာနယ်ပယ်တွင် အသုံးပြုလေ့ ရှိသော လက္ခဏာ အမှတ်အသားကို လေ့လာဖူးပါက ပိုမိုလွယ်ကူပါလိမ့်မည်။ အက္ခ၇ာသင်္ချာ လက္ခဏာ သဘောအရ ပြန်ကြည့်ပါလျှင် ဆန်းဗေးဒင် နည်းမှာလည်း သိပ္ပံနည်းကျသည်ကို အောက်ပါတိုင်း တွေ့နိုင်၏။

+ အပေါင်း + = +
+ အပေါင်း - = -
- အပေါင်း - = +

ဤမျှဖော်ပြသဖြင့် သဘောပေါက်လောက်ပေပြီ။

၆။ ပါပ သောမ သိကောင်းလှ

ကမ္ဘာဦးအစ တပေါင်းလပြည့်ကျော် ၁ ရက်နေ့ သူရိယနေမင်းသည် အရှေ့ ပုဗ္ဗ၀ိဒေဟကျွန်မှ ရှေးဦးစွာ စတင် ထွက်ပေါ်လာသောအခါ အင်္ဂါဂြိုဟ်၊ စနေဂြိုဟ်၊ ရာဟုဂြိုဟ် ဟု ဆိုအပ်သော ဂြိုဟ် သုံးလုံးတို့သည်လည်း မရှေးမနှောင်း တစ်ပေါင်းတည်း ထွက်ပေါ်လာကြကုန်၏။ ထို့နောက် သူရိယ နေမင်းကွယ်ပျောက်၍ ညချမ်းသို့ရောက်သောအခါ စန္ဒာလမင်းသည် ထွက်ပေါ်လာ၏။ ဗုဒ္ဓဟူးဂြိုဟ်၊ ကြသပတေးဂြိုဟ်၊ သောကြာဂြိုဟ် ဟုဆိုအပ်သော ဂြိုဟ်သုံးလုံးတို့သည်လည်း မရှေးမနှောင်း တစ်ပေါင်းတည်း ထွက်ပေါ် လာကြကုန်၏ဟု ရှေးပညာရှင်များ အဆိုရှိခဲ့ကြကုန်၏။

ကပ္ပာလင်္ကာရ ကမ္ဘာဦးကျမ်း၌ သင်္ကေတ သင်္ချာအားဖြင့် ဂဏန်းစဉ်အတိုင်း ထွက်ပေါ်လာကြကုန်၏ဟု ကျမ်းဂန် အလာ ရှိလေသည်။ ကျန်းဂန် အထောက်အထားအရ မည်သို့ပင်လာသည်ဟု ဆိုစေကာမူ ဗေဒင်ပညာ လေ့လာ လိုက်စားသူတို့အတွက် အငြင်းပွါးစရာ မလိုပေ။ ဤနေရာ၌ ကမ္ဘာလောကကြီးတွင် ဂြိုဟ်ကြီး ၈ လုံးရှိသည်ကို ယနေ့တိုင် ဗေဒင်ပညာရှင်များက အသိအမှတ်ပြု လက်ခံထားကြပေ၏။

သူရိယနေမင်းသည် ပူလောင်ခြင်း သဘောရှိသောကြောင့် ရှေးပညာရှင်များက ပါပဂြိုဟ်ဟု ခေါ်ဝေါ် သမုတ်ကြကုန်၏။ နေမင်းနှင့်တကွ ထွက်ပေါ်လာသော အင်္ဂါ စနေ ရာဟုဂြိုဟ် တို့ကိုလည်း ပါပဂြိုဟ် များဟု ခေါ်ဝေါ် သမုတ်ကြကုန်၏။

(၁-၃-၇-၈ ) ပါပဂြိုဟ်များသည် ပူလောင်ခြင်း၊ ရဲရင့်ခြင်း၊ ထွန်းတောက်ခြင်း၊ လှုပ်ရှားခြင်း၊ သွက်လက်ခြင်း၊ ကျယ်လောင်ခြင်း၊ စူးရှခြင်း၊ ကြုံလှီခြင်း၊ အထောင့်အရပ်ကို နှစ်သက်ခြင်း သဘောရှိ၏။ စန္ဒာလမင်းသည် အေးငြိမ်းခြင်း သဘော ရှိသောကြောင့် ရှေးပညာရှိများက သောမဂြိုဟ်ဟု ခေါ်ဝေါ်သမုတ်ကြကုန်၏။ စန္ဒာလမင်းနှင့် အတူ ထွက်ပေါ်လာသော တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာဂြိုဟ် တို့ကိုလည်း သောမဂြိုဟ် များဟု ခေါ်ဝေါ်သမုတ်ကြ၏။ ( ၂-၄-၅-၆ ) သောမဂြိုဟ်များသည် အေးငြိမ်းခြင်း၊ တင့်တယ်ခြင်း၊ တည်ကြည်ခြင်း၊ လေးတွဲခြင်း၊ ဆူဖြိုးခြင်း၊ ထိုင်းမှိုင်ခြင်း၊ အက်ကွဲခြင်း၊ အဖြောင့်အရပ်ကို နှစ်သက်ခြင်း သဘောရှိ၏ ။

၇။ ဂြိုဟ်နှင့် ဂဏန်း တွဲစပ်ခန်း

၁ တစ် တနင်္ဂနွေဂြိုဟ်
၂ နှစ် တနင်္လာဂြိုဟ်
၃ သုံး အင်္ဂါဂြိုဟ်
၎ လေး ဗုဒ္ဓဟူးဂြိုဟ်
၅ ငါး ကြာသပတေးဂြိုဟ်
၆ ခြောက် သောကြာဂြိုဟ်
၇ စနေ စနေဂြိုဟ်
၈ ရှစ် ရာဟုဂြိုဟ်
၉ ကိုး ကိတ်ဂြိုဟ်

၈။ အရပ်ဒိသာ ဂြိုဟ်ရှစ်ဖြာ

နေမင်းနှင့်တကွ ထွက်ပေါ်လာသော ( ၁-၃-၇-၈) နေပိုင် ပါပဂြိုဟ်များသည် အထောင့်အရပ်ကို နှစ်သက်သော ကြောင့် အဋ္ဌလင်္ဂခွင်တွင် ထောင့်လေးထောင့်မှာ သွင်း၊ လမင်းနှင့်တကွ ထွက်ပေါ်လာသော ( ၂-၄-၅-၆ ) လ ပိုင် သောမဂြိုဟ်များသည် အဖြောင့်အရပ်ကို နှစ်သက်သောကြောင့် အဋ္ဌလဂ်ခွင်တွင် အဖြောင့် လေးမျက်နှာမှာ သွင်း။

၁ တနင်္ဂနွေဂြိုဟ် အရှေ့မြောက်ထောင့်
၂ တနင်္လာဂြိုဟ် အရှေ့
၃ အင်္ဂါဂြိုဟ် အရှေ့တောင်ထောင့်
၎ ဗုဒ္ဓဟူးဂြိုဟ် တောင်
၇ စနေဂြိုဟ် အနောက်တောင်ထောင့်
၅ ကြသပတေးဂြိုဟ် အနောက်
၈ ရာဟုဂြိုဟ် အနောက်မြောက်ထောင့်
၆ သောကြာဂြိုဟ် မြောက်


၉။ ဂြိုဟ်တို့အရောင် သိကောင်းအောင်

၁ တနင်္ဂနွေ အနီရောင်
၂ တနင်္လာ အဖြူရောင်
၃ အင်္ဂါ နီညို၊ အ၀ါနုရောင်
၎ ဗုဒ္ဓဟူး အစိမ်းရောင်
၅ ကြာသပတေး အ၀ါရင့်-ရွှေဝါရောင်
၆ သောကြာ ဖြူသောသောအရောင်
၇ စနေ အနက်ရောင်
၈ ရာဟု ရွှံ့ပုပ်ရောင်
၉ ကိတ် ၇ ရောင်စုံဖြစ်သောအရောင်


မှတ်ချက်။ ဂြိုဟ်တို့သည် နေ့သားအားဖြင့် ၇ နေ့
အရပ်မျက်နှာအားဖြင့် ၈ မျက်နှာ
အရောင်အားဖြင့် ၉ မျိုးရှိ၏

၁၀။ ဂြိုဟ်နှင့်အက္ခရာ တွဲစပ်ပါ

က-ခ-ဂ-ဃ-င တနင်္လာနံ ၂ ဂဏန်း
စ-ဆ-ဇ-ဈ-ည အင်္ဂါနံ ၃ ဂဏန်း
ဋ-ဌ-ဍ-ဎ-ဏ
တ-ထ-ဒ-ဓ-န စနေနံ ၇ ဂဏန်း
ပ-ဖ-ဗ-ဘ-မ ကြာသပတေးနံ ၅ ဂဏန်း
ယ-လ-၀ ဗုဒ္ဓဟူးနံ ၄ ဂဏန်း
သ-ဟ သောကြာနံ ၆ ဂဏန်း
ရ-ဋ္ဌ ရာဟုနံ ၈ ဂဏန်း
အ-အာ-ဣ-ဤ-ဥ-ဦ-ဧ-သြ တနင်္ဂနွေနံ ၁ ဂဏန်း



၁၁။ ဂြိုဟ်သက်စဉ်မှ ဖြစ်ပေါ်လာ

၁၀၈ န၀င်းကိုတည်၊ အရပ် ၈ မျက်နှာရှိသောကြောင့် ၈ ခုနှင့်စား၊ အကြွင်း ၄၊ ရလဒ် ၁၃ ရ၏။

ပါပဂြိုဟ်သက်။ ။ အကြွင်း ၄ ကိုတည်၊ နေလ ၂ ပါးနှော၊ တနင်္ဂနွေ ဂြိုဟ်သက် ၆ နှစ်ဖြစ်၏။ တနင်္ဂနွေဂြိုဟ်သက် ၆နှစ်ကိုတည်၊ နေလ ၂ ပါးနှော အင်္ဂါဂြိုဟ်သက် ၈ နှစ်ဖြစ်၏။

အင်္ဂါဂြိုဟ်သက် ၈ နှစ်ကိုတည်၊ နေလ ၂ ပါးထပ်နှော။ စနေဂြိုဟ်သက် ၁၀ နှစ်ဖြစ်၏။ စနေဂြိုဟ်သက် ၁၀နှစ်ကို တည်၊ နေလ ၂ပါးထပ်၍နှော၊ ရာဟုဂြိုဟ်သက် ၁၂ ဖြစ်၏။

သောမဂြိုဟ်သက်။ ။ ရလဒ် ၁၃ ကိုတည် ၊ နေလ ၂ပါးထပ်နှော၊ တနင်္လာဂြိုဟ်သက် ၁၅နှစ်ဖြစ်၏။ တနင်္လာဂြိုဟ် သက် ၁၅နှစ်ကိုတည်၊ နေလ ၂ ပါးထပ်နှော ဗုဒ္ဓဟူးဂြိုဟ်သက် ၁၇နှစ်ဖြစ်၏။ ဗုဒ္ဓဟူးသက် ၁၇နှစ်ကို တည်၊ နေလ ၂ပါးထပ်နှော၊ ကြာသတေး ဂြိုဟ်သက် ၁၉ နှစ်ဖြစ်၏။ ကြာသပတေး ဂြိုဟ်သက် ၁၉ နှစ်ကိုတည်၊ နေလ ၂ ပါးထပ်နှော၊ သောကြာဂြိုဟ်သက် ၂၁ နှစ်ဖြစ်၏။

ဗေဒင်ပညာကို လေ့လာလိုက်စားကြသော ပုဂ္ဂိုလ်များတွင် အချို့သော ပုဂ္ဂိုလ်များသည် ဗေဒင်ပညာကို အသင့်အတင့် အခြေခံ ရှိပြီးကြသော်လည်း အချို့သော ပုဂ္ဂိုလ်များသည် ဗေဒင်ပညာကို ၀ါသနာပါ၍သာ စာအုပ် ၀ယ်ဖတ်ရသည်။ အခြေခံ လုံးဝမရှိသူများကိုလည်း တွေ့ရပေသည်။ ဤနာမက္ခရဆန်း နာမည် အဟောကျမ်းကြီးသည် အခြေခံ လုံးဝမရှိသော သူများကိုပင် နားလည်ကြစေရန် ရည်ရွယ်၍ အခြေခံကို အသေးစိတ် ဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။

ပြန်လည်တင်ပြသူ
သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

0 comments:

Post a Comment