နာမက္ခရဆန်း နာမည်အဟောကျမ်းကြီး-အပိုင်း(၁)

သင်တန်းပြကထိက ဇေယျသိဒ္ဓိ ဆရာဦးစိုးမင်း၏ နာမက္ခရဆန်း နာမည် အဟောကျမ်းကြီးကို အစမှ အဆုံး တိုင်အောင် တင်ပေးသွားမည်။ ပညာရပ်တစ်ခုကို စနစ်တကျ လေ့လာသင်ယူ တတ်မြောက်လိုသူများ ဗေဒင် ၀ါသနာရှင်များအတွက် ရည်ရွယ်သည်။ မူရင်းကျမ်းအတိုင်း ပြန်လည် ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်း မရှိ ပြန်လည် တင်ပြပေးခြင်း ဖြစ်ပါသည်။ ကျွန်ုပ်၏ရည်ရွယ်ချက်မှာ ဗေဒင်ပညာရပ်များကို လေ့လာလိုသူ ၀ါသနာရှင် များအတွက် ဗေဒင်ပညာရပ်မျိုးစုံကို တင်ပြပေးမည်ဟု ရည်ရွယ်ပါသည်။ (နောင်တွင် အခြားဗေဒင်ပညာရပ် မျိုးစုံကို တင်ပြပေးနိုင်ရန် စီစဉ်နေပါသည်) ဒီနာမက္ခရ ဆန်းကျမ်းထဲတွင် အမည်နာမ၊ ဝေါဟာရ အမျိုးမျိုးတို့၏ ဣဋ္ဌ ၊ အနိဋ္ဌ၊ ပဋိပက္ခ၊ မိတ်၊ ရန်၊ ဓာတ် ၊ ဥဒါသိန် စသည်တို့ကို ကဏ္ဍကြီး အသီးသီးတို့ဖြင့် ဖော်ပြထားသည်။

ပဋိသန္ဓာရ စကားဦး

သာဝိတ္တိဆန်း ပုရပိုက်သည် ကျွန်ုပ်ထံသို့ ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၂၉ နှစ်ပင် ရှိခဲ့လေပြီ။ ယခုအချိန်အထိ ကျွန်ုပ်သည် ဤပညာရပ်ကို ၁။ မြတ်နိုးခြင်း၊ ၂။ လေ့လာခြင်း၊ ၃။ ကျင့်သုံးခြင်း၊ ၄။ လေးစားခြင်း အပြည့်ပင် ရှိသေး၏။

မြတ်နိုးခြင်းဟူသည်မှာ သာဝိတ္တိဆန်း ဗေဒင်ပညာရပ်နှင့် ပတ်သက်သော စာရွက်စာတမ်းများသို့ စနစ်တကျ ထိန်းသိမ်းခြင်း၊ ဤပညာရပ်ကို မလျော်ကန်သော သူများထံ မရောက်စေခြင်း၊ လျော်ကန်သင့်မြတ်သော ပုဂ္ဂိုလ်များကို ပညာပေးသော အခါမှာလည်း သာဝိတ္တိဆန်း ဗေဒင်ပညာရပ်ကို တီထွင်ခဲ့သော ပုဂ္ဂိုလ်၊ ဤပညာရပ်ကို စောင့်ရှောက်သော ပုဂ္ဂိုလ်များအား ရိုသေမြတ်နိုးစွာ ကန်တော့ပွဲဖြင့် ကန်တော့ပြီးမှသာ ဤပညာရပ်ကို သင်ကြားပေးခြင်း၊ သင်ကြားပြီးလျှင်လည်း စာမေးပွဲပြုလုပ် စစ်ဆေးပြီး၍ အောင်မြင်သော ပုဂ္ဂိုလ်မှသာ ဟောပြောခွင့် ပေးခြင်းတို့ ဖြစ်ပါသည်။

သာဝိတ္တိဆန်း ဗေဒင်ပညာရပ်ကို ၁။ အခြေခံ ဟောပြောရေး သင်တန်းနာရီ ၅၀၊ ၂။အဆင့်မြင့်သင်တန်း ၇၅ နာရီ၊
၃။ ဆရာဖြစ်သင်တန်း ၃၈ နာရီအားဖြင့် အဆင့်ဆင့် ပိုင်းခြားပြီး သာဝိတ္တိဆန်း ပညာရပ်များ ထွန်းတောက် ကျယ်ပြန့်လာစေရန် စနစ်တကျ စီစဉ်ထားရှိခဲ့လေသည်။ သာဝိတ္တိဆန်း ဗေဒင်အခြေခံ ဟောပြောရေးသင်တန်း ဖွင့်လှစ် သင်ကြား၍ သုံးနှစ်မြောက်သောအခါ လက်ထောက် သင်တန်းပြ ဆရာတစ်ဦး ပေါ်ထွက်လာခဲ့၏။ ယင်းလက်ထောက် သင်တန်းပြဆရာသည် တူအရင်းဖြစ်သည့် အားလျော်စွာ နေ့ညမနား ကျက်မှတ် သင်ကြားစေ၍ သင်တန်းစုံ ပညာကုန် လွှဲအပ်ပြီး သင်တန်းပြဆရာ အဖြစ် ချီးမြှောက်ခဲ့၏။ ထိုဆရာမှာ ဦးဖေတင့် ဖြစ်၏။

ထို့နောက် ကိုးနှစ်မြောက်သောအခါမှာ သင်တန်းလက်ထောက် ဆရာတစ်ဦး ပေါ်ထွက်လာပြန်၏။ ယင်း သင်တန်း လက်ထောက် ဆရာသည် သုံးနှစ်တိုင်တိုင် ဆရာအားလုပ်ကျွေး၍ ပညာရင်နို့ သောက်စို့ခဲ့သော တပည့်ဖြစ်၍ သင်တန်းစုံ ပညာကုန်လွှဲအပ်ကာ သင်တန်းပြဆရာအဖြစ် ချီးမြှောက်ခဲ့၏။ ထိုဆရာကား ဆရာဦးစံမင်းပင်တည်း။

လေ့လာခြင်းမှာ ဤသာဝိတ္တိဆန်း ဗေဒင်ပညာကို ရရှိသည့်နေမှ ယခုကျမ်းရေးသည်အထိ သာဝိတ္တိဆန်းဗေဒင် ပုရပိုက်ကို တစ်ပတ်လျှင် သုံးရက်မှန်မှန်ဖတ်ခြင်း ၊ တွေ့ကြုံသော ဇာတာရှင်များအား မှတ်တမ်းတင်၍ အကြိမ်ကြိမ် စစ်ဆေးခြင်း၊ အမည်ပညတ်များကို အထပ်ထပ်ညှိနှိုင်းခြင်း၊ လေ့လာပြီး ဟောကွက်များကို အမှားအမှန် ရှိမရှိ ကြည့်ရှုမှတ်သားခြင်းစသော လေ့လာခြင်းအမျိုးမျိုးတို့ကို နေ့စဉ် အလုပ်အဖြစ် သတ်မှတ် လေ့လာခဲ့ပါသည်။

ကျင့်သုံးခြင်းမှာ ၁။ ငါးပါးသီလ မြဲစွာဆောက်တည်ခြင်း၊ ၂။ သာဝိတ္တိဆန်း ဂါထာတော်ကို နံနက်ည ရွတ်ဖတ်ခြင်း၊
၃။ သာဝိတ္တိဆန်း ဗေဒင်ပညာကို တီထွင်သော ပုဂ္ဂိုလ်၊ ဤ ပညာရပ်ကို စောင့်ရှောက်သော ပုဂ္ဂိုလ်များအား မေတ္တာပို့ အမျှဝေခြင်း၊ ၄။ မေတ္တာပွားခြင်း၊ ၅။ သစ္စာမေတ္တာ ကရုဏာတရားဖြင့် ဟောကြားခြင်းများကို နေ့စဉ် ကျင့်သုံးလျက် ရှိပါသည်။ လေးစားခြင်းမှာ သာဝိတ္တိဆန်း ဗေဒင်ပညာရပ်ကို ရရှိသော အချိန်မှစ၍ ပညာကို လေးစားသောအားဖြင့် အနိဋ္ဌသဘောဖြင့် ဟောပြောခြင်းမှ ရှောင်ကြဉ်၍ ဣဋ္ဌသဘောမျိုးဖြင့်သာ ဟောပြော ခဲ့ပါသည်။

စကားဦး

အနိဋ္ဌသဘောဖြင့် ဟောပြောခြင်းဟူသည် ၁။ မသန့်ရှင်းသောကိုယ်ဖြင့် ဟောပြောခြင်း၊ ၂။ လမ်းဘေး သုဿန် နိမ့်ကျသောနေရာမှာ ဟောပြောခြင်း၊ ၃။ အမြင့်မှမေးသူကို ဟောပြောခြင်း၊ အထက်မှမေးသူကို ဟောပြောခြင်း၊ လမ်းလျှောက်၍ မေးသူကို ဟောပြောခြင်း၊ ရပ်လျက်နေသူကို ဟောပြောခြင်း၊ ၄။ ပညာကို အကြောင်းပြ၍ လွှဲရှောင် ဖြေကြားခြင်းကို ဆိုလိုသည်။ ဤကဲ့သို့ ဤပညာရပ်ကို မြတ်နိုး လေ့လာ ကျင့်သုံး လေးစား၍ ဆရာတော်များ မှာကြားချက်အတိုင်း ဆောက်တည်လျက်ရှိသည့်အပြင် ရှေးကြေးပုရပိုက် မူရင်းမပျက် စေတနာ မေတ္တာ ရှေ့ထား၍ ရေးသားခဲ့ပါသည်။

ပညာပါရမီ ကူညီခဲ့သူများ

ဤကျမ်းဖြစ်မြောက်ရေးအတွက် စာစစ်ခြင်း၊ စာကူးခြင်း စသည်ဖြင့် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီခဲ့ကြသော ဆရာ ဦးစန်းမြင့် ၊ ဆရာ ဦးဖေတင့်၊ ဆရာဦးမင်းဟန်၊ ဆရာ ဦးစံမင်း၊ ဆရာ ဦးအေးမောင်၊ ဆရာ တင့်ခိုင်၊ ဆရာ ဦးအုန်းမြင့်၊ ဆရာ ဇေယျာလင်း၊ ဆရာ စိုးသိန်း၊ ဆရာမြင့်သိန်းနှင့် ဆရာ ဦးမောင်ဟန်တို့အား အစဉ် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။

ကျမ်းပြုသူ

သင်တန်းပြကထိက ဇေယျသိဒ္ဓိ ဆရာဦးစိုးမင်း

နိဒါန်း

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဓုဒ္ဓဿ

နာမက္ခရဆန်း ပညာသည် တွက်ချက် ဟောပြောသော ဗေဒင်ပညာတို့တွင် အထိရောက်ဆုံး၊ အထက်မြက်ဆုံး၊ တိကျမှန်ကန်မှု၊ အရှိဆုံးသော အတတ်ပညာ တစ်ရပ်ဖြစ်ပေသည်။ အရပ်ရပ်သော ဗေဒင်ပညာရပ်များမှ လိုရင်းအနှစ် သာရများကို ရှေးပညာရှင် က၀ိအကျော်အမော်တို့က ကျစ်လျစ်သိပ်သည်းစွာ လျှို့ဝှက် စုပေါင်းထားခဲ့သော အတတ်ပညာတစ်ရပ် ဖြစ်ပေသည်။

နာမက္ခရဆန်း ပညာသည် သစ္စာခံပညာဟု အများက အသိအမှတ်ပြု ကြသည်။ အများအသိအမှတ်ပြုကြသကဲ့သို့ သစ္စာခံခြင်းသည်လည်း ရှိပါ၏။ သိပ်သည်းခြင်းလည်း ရှိပါ၏။ ယင်းသို့ဖြစ်သည်မှာ နောင် လူအများ မတတ်စေလိုသော ကျဉ်းမြောင်းသည့် အမြင်ဖြင့် သစ္စာခံခြင်းမျိုး မဖြစ်နိုင်ချေ။ သစ္စာမဲ့ဖျင်း၊ သီလကင်း၍ ၊ အကျင့်မမှန် စိတ်ဖောက်ပြန်သူများ ဤပညာကို တတ်မြောက်သွားပါက မာနခက်ထန် စိတ်မမှန်ဘဲ ကျေးဇူးရှင် ဆရာများကို စော်ကားတာတစ်ဖုံ ၊ ဘေးအန္တရာယ် ကြုံမည့်အရေး မျှော်တွေး၍သာ သစ္စာကတိ ထားခဲ့ကြခြင်း ဖြစ်ရာ၏။

ဤကဲ့သို့ လျှို့ဝှက်ခက်ခဲနက်နဲ၍ သစ္စာခံထိုက်သော ပညာရပ်ကို တိမ်ကော ပျောက်ကွယ်မသွားစေရေးအတွက် တတ်စွန်းသမျှ ကြိုးပမ်းအားထုတ်ကြ၍ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းကာ သိသင့် သိထိုက်သူများ၊ တတ်သင့် တတ်ထိုက်သူများကို တတ်သိကျွမ်းကျင်ကြစေရန် ဆန္ဒ ရှိသည့် အားလျှော်စွာ…….

နာမက္ခရဆန်း နာမည်အဟောကျမ်းကြီးကို ရှေးပုရပိုက် မူရင်းမပျက် ဂြိုလ်ပရိယာယ်တို့ဖြင့် အခြေခံနာမည် စစ်ဆေးပုံ အသွယ်သွယ်၊ ဗျဉ္စနသုဒ္ဓိ ဆန်းနည်းဖြင့် ဗျည်းအက္ခရာတို့ကို စစ်ဆေးပုံ အမျိုးမျိုး၊ နာမက္ခရဆန်းဖြင့် နာမည်စစ်ဆေးပုံ အဖြာဖြာ၊ ကောဇမဟာဘုတ်၊ နေ့မဟာဘုတ်တို့ဖြင့် ဟောပြောပုံ အ၀၀တို့ကို ရေးသားဖော်ပြ၍ ပြည်သူအပေါင်းတို့၏ လက်တွင်းသို့ အပ်နှင်းလိုက်ပါသည်။

၁။ ပဋိညာဉ်

ဤနာမက္ခရဆန်း နာမည်အဟောကျမ်းသည် ဆန်း ( ၃) ပါးတွင် ဗျဉ္စနသုဒ္ဓိဆန်း နှင့် နာမက္ခရဆန်းကို အခြေခံပြီး အမည်ဟူသမျှကို ၀ုဒ္ဓိ ဒီဃရဿ ၀ဏ္ဏ ဒြပ် သကတ် ဗျုပ္ပတ် ဓာတ် တိုင်စဉ် ဖို၊ မ ဌာန်ဟု ဆိုအပ်သော နာမည်၏ အင်္ဂါ (၁၀ )ပါးဖြင့် ရွေးချယ်စိစစ်၍ အကျယ်တ၀င့် ဟောပြောနိုင်ခြင်း၊ နာမည်ပြောင်းနိုင်ခြင်း၊ နာမည်သစ် ရွေးပေးနိုင်ခြင်း ဆန်းပညာ အဆီအနှစ်တို့ကို စုံလင်စွာ ခံစားနိုင်စေရန် ပါဠိမပါ လင်္ကာမဖတ် မြန်မာစကားပြေ သက်သက်ဖြင့် ဖော်ပြရေးသားပါအံ့။


၂။ ရည်ရွယ်ချက်

၁။ မည်သူမဆို နာမက္ခရဆန်းပညာ နည်းမှန်လမ်းမှန်ဖြင့် တတ်မြောက်စေလိုခြင်း။
၂။ ဗေဒင်ပညာကို မလေ့လာ မဆည်းပူးရသေးသူတို့ပင် စာဖတ်စာရေးတတ်လျှင် နာမက္ခရဆန်းပညာကို တတ်မြောက်စေခြင်း။
၃။ ဆရာအထူး မရှာရဘဲဤကျမ်းစာကို ကြည့်ရှုလေ့လာရုံဖြင့် နာမည် အမှန်- အမှားကို သိမြင်ဟောပြောနိုင်ခြင်း၊
၎။ အိမ်ထောင်ရေး ဒုက္ခကြုံသော အမည်၊ ပညာရေး၊ စီးပွါးရေး ရန်ပေါ်ပျက်ပြားသော အမည်၊ ဥပါဒ် သင့်သော အမည်၊ သြဇာမဲ့သော အမည်များကို ကြိုတင် ကာကွယ်နိုင်ခြင်း၊
၅။ ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးများ သာယာဖြောင့်ဖြူး၍ ကျော်စောထင်ရှားခြင်းနှင့် ဘေးဥပါဒ် အပေါင်းမှ ကင်းလွတ်ပြီး ပြကတေ့ ချမ်းမြေ့သာယာသော အမည်ကောင်း အမည်မှန် ဖြစ်ကြစေရန် ရည်ရွယ် လျက် ရေးသားဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။ (အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးပါမည်)

ပြန်လည်တင်ပြသူ
သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

0 comments:

Post a Comment