အရက်အမြန်ပြတ်စေဖို့

တစ်နေ့သ၌ ကျွန်ုပ်သည် အင်မတန်တောကျသော အရပ်ဒေသလေးတစ်ခုသို့ ခရီးထွက်ခဲ့၏။ ကျွန်ုပ် ရောက်ရှိသွားသော အရပ်ဒေသသည် အင်မတန်တောနက်၏။ လူနေအိမ်ခြေများနှင့် အလှမ်းကွာ၏။ သစ်ပင်တောတောင်များနှင့် ပြည့်နှက်နေ၏။ ကားလမ်းရထားလမ်း မရှိ။ တောတက်သူများ ခုပ်ထွင်ရှင်းလင်း၍ ထားသော လူသွားလမ်းကလေးသာ ရှိလေ၏။ ထိုတောကလေးထဲတွင် တောရကျောင်း ဆရာတော်တစ်ပါး သီတင်းသုံး၍ သာသနာပြုနေလေ၏။ ကျွန်ုပ်သည် ထိုတောအုပ်လေးထဲရှိ ထိုတောရကျောင်းကလေးသို့ ရှေးဟောင်းဂမ္ဘီရ ပုရပိုက်နောက်သို့ လိုက်သော အချိန်တုန်းကပင် ရောက်ဖူးပြီး ဖြစ်၏။ ထိုအချိန်က ကျွန်ုပ်သည် လွန်စွာတက်ကြွနေသော ဖြတ်လပ်နေသော လိုချင်တာကို မရရအောင် ကြိုစားမည်ဟု ဆုံးဖြတ်ချက်များဖြင့် ရွှင်လန်းနေသော လူသားတစ်ဦး ဖြစ်သောအချိန်ပင် ဖြစ်လေ၏။

ယခုအခါတွင် ကျွန်ုပ်သည် ထိုတောတန်းလေးသို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာပြီ ဖြစ်လေ၏။ ယခုအခါ ရောက်ရှိလာခြင်းသည် ကျွန်ုပ်အနေနှင့် လွန်စွာရှားပါးသော ရှေးဟောင်းဂမ္ဘီရ ပုရပိုက်အတွက်ဖြင့် ရောက်ရှိလာခြင်း မဟုတ်ပေ။ ယခုအချိန်လာသော ခရီးလမ်းတွင်မူ ကျွန်ုပ်၏ ခြေလှမ်းများသည် အင်မတန်လေးလံလျှက် ရှိလေ၏။ အမှန်အတိုင်း ဆိုရပါမူ ကျွန်ုပ်သည် အိပ်မက်ဆိုးတစ်ခုကို ညစဉ်မက်နေ၏။ ထိုအိပ်မက်သည် လွန်စွာ ကြောက်လန့်ဖွယ် ကောင်းသကဲ့သို့ လွန်စွာမှလည်း စိတ်နှလုံး ထိပ်လန့်ဖွယ် ကောင်းလှတော့၏။ ယခုလည်း ကျွန်ုပ်လည်း နောက်တစ်ခေါက် ပြန်လည် ရောက်ရှိလာပြန်ပြီ ဖြစ်၏။ တောရကျောင်းလေး၏ နောက်ဘက် ဖက်မိုးဖက်ကာ တဲလေးထဲတွင် တည်းခိုရလေ၏။ ခရီးရောက်မဆိုက် မောပန်းနွမ်းနယ်စွာ ခေတ္တလဲလျှောင်းလိုက်ရာ ကျွန်ုပ်၏ မျက်လုံးများသည် လေးလံလာလျှက် အိပ်ပျော်သွားလေတော့၏။
ကျွန်ုပ်၏ အိပ်မက်ထဲတွင် လွန်စွာမှောင်မှိုက်နေသော ညည့်ကာလတစ်ခု ဖြစ်နေ၏။ မိုးအနည်းငယ် ရွာနေ၏။ မိုးသားမိုးလိပ်တို့သည် အုံ့ဆိုင်းနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးသည် မှောင်မှိုက်နေ၏။ အရှေ့အနောက်ဝဲယာများကို မမြင်ရလောက်အောင်ပင် မှောင်အတိကျနေ၏။ အိပ်မက်ထဲတွင် ကျွန်ုပ်သည် လွန်စွာကြောက်လန့်နေမိ၏။ ကျွန်ုပ်သည် ကမ်းမမြင်လမ်းမမြင် အမှောင်ထဲတွင် အင်မတန် မောပန်းကြီးစွာဖြင့် ပြေးလွှားနေမိ၏။ ကျွန်ုပ်၏ ကိုယ်မှ ချွေးသီးချွေးပေါက်များသည် မိုးစက်မိုးပေါက်များနှင့် အတူ ကျလျှက်ရှိ၏။

ကျွန်ုပ်နောက်ဘက်မှ အင်မတန်ကြီးမားသော သတ္တ၀ါကြီးနှစ်ကောင်သည် ကျွန်ုပ်အား သဲကြီးမဲကြီးလိုက်လျှက် ရှိလေ၏။ တစ်ကောင်သော သတ္တ၀ါကြီး၏ အရောင်မှာ မဲမဲကြီးဖြစ်လျှက် တစ်ကောင်မှာမူ စွတ်စွတ်ဖြူလျှက် ရှိ၏။ ကျွန်ုပ်နောက်မှ သဲကြီးမဲကြီး ပြေးလိုက်လျှက်ရှိသော ထိုကြောက်မက်ဖွယ် သတ္တ၀ါကြီး နှစ်ကောင်ကို ကျွန်ုပ်သည် ကြောက်လန့်တကြား ပြန်လည်ကြည့်လိုက် ရှေ့ဘက်သို့ ပြေးလွှားလိုက်ဖြင့် ကျွန်ုပ်သည် အင်မတန် မောပန်းလျှက် ရှိနေတော့၏။

ထိုကဲသို့ ပြေးရင်းလွှားရင်း ဖြင့် ကျွန်ုပ်သည် သေဘေးကို တွေးရင်းထိပ်လန့်လာလာ၏။ ထိုသို့ထိပ်လန့်လာစဉ် မုတ်ဆိပ်မွေး ဆံပင်အရှည်ဖြင့် အဖိုးကြီးတစ်ဦးသည် ကျွန်ုပ်၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်လာပြီးလျှင် မောပန်းကြီးစွာ ပြေးလွှားနေသော ကျွန်ုပ်အား လှမ်းဆွဲလိုက်လေ၏။ ထို့နောက် ကျွန်ုပ်၏ နောက်တွင် သဲကြီးမဲကြီးလိုက်နေသော အဖြူနှင့်အမဲ သတ္တ၀ါကြီး နှစ်ကောင်အား ၎င်း၏လက်ထဲတွင် ကိုင်ထားသော တောင်ဝှေးကြီးဖြင့် တစ်စုံတစ်ရာ လှမ်းတားလိုက်ရာ သတ္တ၀ါကြီးနှစ်ကောင်သည် နေရာတွင်ပင် ချက်ချင်းပျောက်ကွယ် သွားကြလေတော့၏။ ကျွန်ုပ်လည်း အဖိုးကြီး၏ လက်အား အားကိုးတကြီး လှမ်းကိုင်လိုက်လေ၏။ ထိုမုတ်ဆိပ်ဖြူအဖိုးကြီး၏ လက်အစုံကို အားကိုးတကြီး ဆုပ်ကိုင်လိုက်သော အချိန်ခန၌ပင် မှောင်မှိုက်နေသော ပတ်ဝန်းကျင်တစ်ခုလုံးသည် အလင်းရောင်များ ဖြာကျလာလေတော့၏။
ကျွန်ုပ်လည်း ထိုမုတ်ဆိပ်ဖြူအဖိုးအိုအား ထိုင်၍ ကန်တော့လိုက်ရင်း ကျေးဇူးတင်လိုက်တာ အဘရယ်။ အဘသာ မကယ်ရင် ကျွန်တော်ဖြင့် သေမှာသေချာတယ်။ ကျွန်တော်ဖြင့် သိတ်ကြောက်တာပဲဟု မုတ်ဆိပ်ဖြူ အဘိုးအိုအား လှမ်းပြောလိုက်လေ၏။ ထိုအခါ အဘိုအိုက ကျွန်ုပ်အား နွေးထွေး၍ အင်အားပြည့်ဝနေသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ပြီးလျှင် လူကလေးက ဘာကို ကြောက်တာလဲ ဟု ပြန်လည်မေးလေ၏။ ထိုအခါ ကျွန်ုပ်ကလည်း မဆိုင်းမတွပင် ”သေမှာကို ကြောက်တာပေါ့ အဘရယ်” ဟု ပြန်ပြောလိုက်လေ၏။ ထိုအခါ မုတ်ဆိပ်ဖြူအဖိုးအိုက ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေတော့၏။

ဒီမှာ လူကလေး။ မင်းသေသေချာချာ စဉ်းစားကြည့်စမ်း။ မင်းပြောတဲ့ သေခြင်းတရားဆိုတာကို ဟိုးရှေး ခေတ်အဆက်ဆက်က ပညာရှိကြီးတွေ ၊ စာရေးဆရာကြီးတွေ ၊ အတွေးအခေါ်သမားကြီးတွေဟာ လူကလေး ပြောတဲ့ သေခြင်းတရားဆိုတဲ့ အရာကို လေးလေးနက်နက် စဉ်းစားတွေးခေါ်ခဲ့ကြတယ်ကွဲ့။ သေပြီးရင် ဘယ်လို ဆက်ဖြစ်မယ်ဆိုတာကို အမျိုးမျိုးအဖုံဖုံ စဉ်းစားခဲ့ကြပြီးပြီ။ ဒါပေမယ့် တစ်ယောက်မှ အဖြေမှန် မရခဲ့ကြပါဘူး လူကလေးရယ်။ အဲဒါ ဘာဖြစ်လို့လဲ သိလား လူကလေး။ သူတို့တွေအားလုံးက အသက်ရှင်လျှက် စဉ်းစားတွေးတောခဲတာကိုးကွ။ မဟုတ်ဘူးလားဟု ပြောပြလေတော့၏။
ထို့နောက် ထိုအဖိုးအိုက ဆက်လက်၍ လူတွေတော်တော်များများက သေရမှာကို ကြောက်တယ်။ သေရမှာကို ဘာဖြစ်လို့ ကြောက်နေရတာလဲလို့ မေးရင် အဖြေမရှိဘူး ဖြစ်ဖြစ်နေတယ်ကွ။ လူတွေရဲ့ အတွေးထဲမှာ တကယ်လို့များ ငါသေသွားရင် ငါ့အမေကြီးနဲ့ ခွဲသွားရတော့မယ်။ ငါ့ရဲ့ တပည့်တွေနဲ့ ခွဲသွားရတော့မယ်။ အနိမ့်ဆုံး ငါနေတဲ့ အိပ်ခန်းနဲ့ငါနဲ့ ခွဲသွားရတော့မယ်။ ငါနေတဲ့ ရပ်ကွက်နဲ့ ခွဲသွား၇တော့မယ်။ ငါ့ရဲ့ အလုပ်နဲ့ ခွဲသွားရတော့မယ်။ မခွဲချင်တဲ့ အရာတွေနဲ့အပြီးအပိုင် ခွဲသွားရတာဟာ သေခြင်းတရားရဲ့ အထိမ်းအမှတ်ပဲ။ အဲဒါကို လူသားတွေက ကြောက်နေကြတာပါ။

တကယ်လို့များ ကိုယ်ယုံကြည်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦးက “ဟေ့ကောင် မင်းသာသေလိုက်၊ မင်း မခွဲချင်တဲ့ အရာတွေ အားလုံးနဲ့ မခွဲမခွါဘဲ အရင်အတိုင်း ဆက်လက်နေထိုင်နိုင်အောင် ငါလုပ်ပေးမယ်” လို့ အာမခံတယ်ဆိုပါစို့။ လူတွေဟာ သေရမှာကို အခုလောက် ဘယ်ကြောက်တော့မလဲ။ အဲဒီလိုလည်း မခွဲရဘူး။ သေပြီးရင် နောက်ဖြစ်တဲ့ ဘ၀ဟာလဲ အခုထက်ပိုပြီး ကောင်းမယ်လို့ အာမခံတယ်ဆိုပါစို့။ ဒါဆိုရင် လူသားတွေဟာ သေချင်းတရားကို အခုလောက် ဘယ်ကြောက်တော့မလဲ။ မဟုတ်လား လူကလေးရယ်။

ဥပမာလူကလေးရယ် ရုံးမှာ လုပ်တဲ့ မင်းစေတစ်ယောက်ဟာ ဒီအတိုင်း အလုပ်ပြုတ်မှာတော့ ကြောက်တာပေါ့။ ဒါပေမယ့် မင်းစေအလုပ်ကပြုတ်ပြီး မင်းကြီးရားထူး ရမယ်ဆိုရင်တော့ အဲဒီမင်းစေဟာ အခုပြုတ်ရမလားလို့တောင် မေးဦးမယ်။ အဲဒီအတိုင်းပေါ့ လူကလေးရယ်။ သေပြီးရင် အခု ကိုယ်မခွဲချင်တဲ့ အရာတွေနဲ့လည်း မခွဲရဘူး။ ဒီထက်ကောင်းတဲ့ ဘုံကိုလည်း ရောက်မယ်ဆိုရင် အခုချက်ချင်းကြီးတောင် အဆင်ပြေမယ့်နည်းနဲ့ သေကြမှာချဉ်းပဲ မဟုတ်လား လူကလေးဟု ကျွန်ုပ်အား ပြောပြလေ၏။

ထိုအချိန်တွင်ပင် ကျွန်ုပ်၏ ခြေထောက်အား တစ်စုံတစ်ယောက်သည် လှမ်း၍ လှုပ်နိုးလိုက်သောကြောင့် ကျွန်ုပ်သည် အိပ်မက်မှ လန့်နိုးသွားရလေ၏။ ထိုအချိန်တွင် ကျွန်ုပ်လည်း အိပ်ယာမှ ထ၍ ကြည့်လိုက်လေရာ ကျွန်ုပ်တို့နှင့် တစ်ချိန်က ရဟန်းအတူ ၀တ်ခဲ့ဘူးသော ကိုထူးဆိုသူ၏ အမျိုးသမီး ခင်ခင်လှ ဖြစ်နေလေ၏။ ခင်ခင်လှက ကျွန်ုပ်အား

ဆရာလေး ရောက်နေတယ်။ နောက်ဘက်တဲလေးထဲမှာ နားနေတယ်လို့ ပြောလို့ ကျွန်မ လိုက်လာတာ။ ဆရာရေ။ ဆရာလေး ရောက်တုန်း ကျွန်မကို ကူညီပေးခဲ့ပါဦးဟု ခင်ခင်လှက ပြောလေရာ ကျွန်ုပ်က ဘာကူညီပေးရမလဲ မခင်လှရယ်ဟု ပြန်ပြောလိုက်လေရာ ခင်ခင်လှက ဒီလိုပါ ဆရာရေ။ ကျွန်မ ယောက်ျားကိုထူးကို ဆရာ မှတ်မိတယ် မဟုတ်လား။ သူ အခု အရက်တွေ အ၇မ်းသောက်နေတယ်။ အချိန်ရှိသ၍ အရက်မူးနေတော့တာပဲ။
အဲဒါ ဆရာလေးလာတုန်း အရက်ပြတ်အောင် ယတြာလေးဘာလေး ပေးခဲ့ပါဦးဟု ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က ဒါလေးကတော့ လွယ်ပါတယ်ဟာ။ နင့်ယောက်ျားကိုထူးက အိမ်မှာသောက်တာလား၊ ဆိုင်မှာ သောက်တာလားဟု မေးလိုက်ရာ ခင်ခင်လှက အရက်ကတော့ အိမ်မှာပဲ ၀ယ်သောက်တာပါဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ဟုတ်ပြီ ဒါဆိုရင် အဆင်ပြေတယ်။ ငါပြောတဲ့အတိုင်းသာ လုပ်ပေတော့ဟုဆိုကာ ကျွန်ုပ်၏ သူငယ်ချင်း ယစ်ထုပ်ကြီး ကိုထူးအတွက် အောက်ဖော်ပြပါ အရက်အမြန်ပြတ်စေသော ယတြာနည်းကို ပြန်လည် ပြောပြလိုက်လေတော့၏။

ဒီလိုလုပ်ဟာ။ နင့်ယောက်ျားသောက်တဲ့ အရက်ပုလင်းကို ယူဟာ။ ပြီးတော့ ကိုထူးသောက်တဲ့ အရက်တွေ သစ်ပင်ရင်းမှာကြေ။ ကိုထူးသောက်တဲ့ အရက်များ သောက်လို့ မရစေသား“ လို့ ပါးစပ်က (၇)ကြိမ်တိတိ ရွတ်ဆိုပြီး ဖန်ခွက်ထဲကို ထည့်။ ပြီးရင် အဲဒီဖန်ခွက်ထဲက အရက်အနည်းငယ်ကို သစ်ပင်ရင်းမှာ တစ်ချို့လောင်း၊ မြေကြီးပေါ်မှာတစ်ချို့လောင်း၊ ကျန်တဲ့ အရက်ကို ကိုယ်ယောက်ျားကို တိုက်ပေါ့။ နင့်ယောက်ျား ကိုထူးတစ်ယောက် တဖြေးဖြေး အရက်ပြန်သွားပါလိမ့်မယ်ဟု ပြန်လည် ပြောပြလိုက်လေတော့။ ခင်ခင်လှလည်း ကျွန်ုပ်အား ကျေးဇူးတင်စကား ပြောဆိုနှုတ်ဆက်၍ ပြန်ထွက်သွားလေတော့၏။ ကျွန်ုပ်လည်း အိပ်မက်ထဲမှ အဖိုးကြီးပြောသော သေခြင်းတရားနှင့် ပါတ်သက်သော အကြောင်းအရာများကို ဆက်လက် စဉ်းစားနေမိတော့၏။

ခင်မင်လေးစားစွာဖြင့်
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့


2 comments:

Anonymous said...

ဆရာ အရင်တစ်ခါတုန်းက တင်ဖူးတဲ့ အိမ်သုံးပန်ကာမှာ အရက်သောက်တဲ့သူ နာမည်ရေးထားရင် အရက်အလိုလိုပြတ်တယ် ဆိုတာလေ...အဲဒီနည်းရောသုံးလို့ရမလားဆရာ

sayaheintintzaw sayaheintintzaw said...

အဲဒီနည်းကလည်း အရက် အမြန်ပြတ်စေတဲ့ နည်းဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုလို့ ရပါတယ်ဗျာ။

Post a Comment