ခင်ဗျားကော ဘယ်ဘ၀က ရောက်လာတာလဲ ?

တစ်နေ့သ၌ ကျွန်ုပ်၏ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက်အရွယ်အားဖြင့် ၃၀ကျော်လောက် ရှိမည်ဖြစ်သော အမျိုးသမီးတစ်ဦး ၀င်ရောက်လာလေ၏။ ကျွန်ုပ်အနေနှင့် ထိုအမျိုးသမီးကိုမြင်လိုက်ရသည့် အခိုက်အတန်၌ လွန်စွာလည်း အံ့သြသွားမိသကဲ့သို့ လွန်စွာမှလည်း ရယ်ချင်သလို ဖြစ်သွားမိတော့၏။ စိတ်ထဲမှလည်း မသိမသာ ပြုံးလိုက်မိ၏။ အဘယ်ကြောင့် ဆိုသော် သူမ၏ ၀တ်ပုံစားပုံပြောပုံတို့သည် သာမန်လူသားတို့နှင့် လုံးဝမတူဘဲ ထူးခြားနေ၏။

ဤနေရာတွင် ဤအမျိုးသမီး၏ ၀တ်ပုံစားပုံကို အနည်းငယ် ပြောပြရပေလိမ့်မည်။ သူမသည် ထမီအစိမ်းရောင်နှင့် အစိမ်းရောင် အင်္ကျီရောင်ကို ၀တ်ဆင်ထား၏။ လည်ပင်းတွင် ပုတီးစေ့လောက်ရှိသော အဖြူရောင်ကော်ပုတီးကို ဆွဲထား၏။ ပုခုံးပေါ်တွင်လည်း အစိမ်းရောင် ပ၀ါတစ်ခုကို ခြုံလွှမ်းထားလေ၏။ ကျွန်ုပ်သည် ထိုအစိမ်းရောင် အမျိုးသမီးကို မြင်တွေ့လိုက်ရသော အခိုက်အတန့်တွင် မမစိမ်းဆိုသော သီချင်းကို ရုတ်တရက်ကောက်ကာငင်ကာ သတိယသွားမိတော့လေ၏။

ကျွန်ုပ်လည်း ထိုအမျိုးသမီးအား မသိမသာ အကဲခတ် ကြည့်ရှု့လေ့လာရင်း ထိုင်ပါဗျာ။ ကျွန်တော် ဘာကူညီပေးရမလဲဟု လှမ်း၍ နှုတ်ဆက်ပြောဆို လိုက်၏။ ထိုအမျိုးသမီးသည် ကျွန်ုပ်၏ နှုတ်ခွန်းဆက် စကားကိုနည်းနည်းလေးမှ သတိမပြုပဲ မြတ်စွာဘုရားအား မမှိတ်မသုံသော မျက်လုံးများဖြင့် သေသေချာချာ ကြည့်လျှက် ကန်တော့နေလေ၏။ သူမသည် ဘုရားကန်တော့သော အခါတွင်လည်း အသံထွက် ရွတ်ဆို၍ ကန်တော့၏။ သူမသည် ဘုရားရှိခိုးသော အခါတွင်လည်း ဘ၀အဆက်ဆက် သံသရာအဆက်ဆက်မှ သူမနှင့် ပဋ္ဌာန်းဆက်တော်စပ်ဘူးသော ပုဂ္ဂိုလ် အပေါင်းတို့အား ဆုတောင်းမေတ္တာပို့သလေ၏။ သူမကိုသူမလည်း သမီးတော်လေးဟူသော နာမ်စားကို အသုံးပြု၏။

ကျွန်ုပ်လည်း ထိုအမျိုးသမီးအား မသိမသာလှမ်း၍ အကဲခတ်နေရင်း ကျွန်ုပ်ထံတွင် ဗေဒင်မေးမည့် အချိန်ကို စောင့်စားနေမိ၏။ ခနကြာသောအခါတွင် သူမသည် ဘုရားရှိခိုးခြင်း ဆုတောင်းမေတ္တာပို့ခြင်း ဘ၀ဟောင်းမှဆွေတော်မျိုးတော်များကို အမျှပေးဝေခြင်း စသောအမှု့ကိစ္စများ ပြီးစီးလေ၏။ ထို့နောက် ကျွန်ုပ်ဗေဒင်ဟောသော စာပွဲရှေ့သို့ လာရောက်ထိုင်ကာ နာမည် မွေးနေ့မွေးသက္ကရာဇ် တစ်စုံတစ်ရာမျှကိုပင်မပြောဆိုပါပဲလျှက် အောက်ပါ မေးခွန်းသုံးခုကို ကျွန်ုပ်အားမေးလေတော့လေ၏။

နံပါတ်တစ်မေးခွန်းက - ကျွန်မ ဘယ်ဘ၀က လာတာလဲ
နံပါတ်နှစ်မေးခွန်းက - ကျွန်မကို ဘယ်ပုဂ္ဂိုလ်တွေက စောင်ရှောက်နေသလဲ
နံပါတ်သုံးမေးခွန်းက - ကျွန်မ ဘယ်လိုပုဂ္ဂိုလ်တွေကို ယုံကြည်ကိုးကွယ်ရမလဲ

ကျွန်ုပ်လည်း ထိုအမျိုးသမီး၏ အထက်ပါအတိုင်း ကောက်ကာငင်ကာ မေးလိုက်သော မေးခွန်းသုံးခုကို ကြားလိုက်ရသည့် အခိုက်အတန့် ကြက်သေသေသွား၏။ အံသြမှင်သက်သွားမိ၏။ ဘာပြန်ပြောရမှန်း မသိတော့လောက်အောင် ကြောင်တောင်တောင် ဖြစ်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ ဗေဒင်ဆရာ သက်တမ်းတလျှောက်တွင် နေ့စဉ်နှင့်အမျှ လာရောက်၍ ဗေဒင်မေးကြသူများ အားလုံးထဲတွင် စီးပွားရေးအကြောင်း ၊အိမ်ထောင်ရေးအကြောင်း ၊ အလုပ်အကိုင်အကြောင်း ၊ ရာထူးတိုးအကြောင်း ၊ နိုင်ငံခြားခရီးကိစ္စအကြောင်း ၊ အကြွေးများပြန်ရရန် ကိစ္စများအကြောင်း စသော အကြောင်းအရာများသာ ပါ၏။ ယခုအမျိုးသမီးမေးသောမေးခွန်းများကို တကူးတက လာရောက်မေးကြသူများမှာ အင်မတန်ကို နည်းပါးလေတော့၏။ ထို့ကြောင့် ကျွန်ုပ်လည်း ထိုအမျိုးသမီးကို ဘာပြန်ဟောပေးရမည်မှန်း မသိတော့လောက်အောင် တိတ်ဆိပ်ငြိမ်သက်သွားမိလေတော့၏။

ကျွန်ုပ်သည် ထိုကဲ့သို့ အကျပ်ရိုက်နေသော အခိုက်အတန့်တွင် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ အသက်အရွယ်အားဖြင့် ၄၀ ကျော်လောက်ရှိပြီ ဖြစ်သော ယောဂီရောင် အ၀တ်အစားများ ၀တ်ဆင်ထားသောအမျိုးသားတစ်ဦးလည်း ၀င်ရောက်လာလေ၏။ သူသည်လည်း ရောက်လျှင်ရောက်ခြင်း မြတ်စွာဘုရား ရှေ့မှောက်တွင် စောင့်ကြောင့်ထိုင်ပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကို ရှိသည်ဟုပင် နည်းနည်းမျှပင်သဘောမထားဘဲ အသံကျယ်ကျယ်ဖြင့် ဘုရားရှိခိုးလေတော့၏။ ၎င်းယောဂီရောင် ၀တ်ဆင်ထားသော အမျိုးသား၏ ဘုရားရှိခိုးခြင်းကို ကျွန်ုပ်ရော အစိမ်းရောင် အမျိုးသမီးပါ နားမထောင်နေပါပဲ အလိုလိုအတိုင်းသားကြားနေရ၏။ ရှေးလျားသော ဘ၀အဆက်ဆက် သံသရာအဆက်ဆက်မှ ပုဂ္ဂိုလ်များ အပေါ်တွင် ပြစ်မှားထားခဲ့သော အပြစ်များ သံသရာအကြွေးများ ရှိပါက ကျေအေးပါရန် တောင်းပန်လေ၏။ သူ့အပေါ်တွင် ရှိပါကလည်း ကျေအေးပါမည်ဟု ခွင့်လွှတ်နေ၏။ ထို့နောက် သူ၏ အသက်ခန္ဓာများကို ဘုရားအား လှူဒါန်းအပ်နှံလေ၏။ ထို့နောက် အားရပါးရ ဘုရားရှိခိုးသော ကုသိုလ်ကောင်းမှု့တို့ကို အမျှအတန်းပေးဝေပြီးလျှင် မြတ်ဘုရားအား

ဦးသုံးကြိမ်ချပြီးလျှင် ဗေဒင်ဟော၇န် ပြင်ဆင်နေသော ကျွန်ုပ်နှင့် အစိမ်းရောင်အမျိုးသမီးဘက်သို့ လှည့်ကြည့် လိုက်ပြီလျှင်လောကကြီးမှာ ဒီဓာတ်ကြီးလေးပါး အစုအဝေးကြီးကို သယ်ဆောင်ထမ်းပိုး ထားရတာကိုက ဒုက္ခပဲ မဟုတ်လား။ ဒီဒုက္ခဆိုတာကလည်း အကြောင်းမဲ့ ဖြစ်နေတာ မဟုတ်ဘူး ဆရာသမားရဲ့။ အကြောင်း ကြောင်းကြောင့်အကျိုးဖြစ်တာ မဟုတ်လား။ ဒါကိုပဲ သံသရာလည်တယ်လို့ ခေါ်တယ် မဟုတ်လား ဆရာသမားရယ်။ အကြောင်းကြောင့် အကျိုးဖြစ်နေတာ။ ရှေးဘ၀ အဆက်ဆက်တုန်းကလည်း ဒီခန္ဓာငါးပါးရအောင် ကျွန်တော်တို့တွေ ဆရာတို့တွေ ဟိုက ငါ့နှမကြီးတို့တွေက မသိတဲ့ အ၀ိဇ္ဇာတရားရဲ့ ဦးဆောင်ပြီး ဆုတောင်းလာခဲ့ကြတာကိုးဗျ။

အော် ဆောရီးဆောရီး ။ ပါဠိလိုပြောလို့ နားမလည်ဖြစ်သွားမယ်။ မြန်မာလိုပြောရရင်တော့ အ၀ိဇ္ဇာဆိုတာမသိလို့ ၊ သင်္ခါရဆိုတာ ပြုလုပ်တာပေါ့။ အဲဒီလို မသိလို့ ကာယကံမှု့တွေ ၀စီကံမှု့တွေ မနောကံမှု့တွေနဲ့ ပြုလုပ်ခဲ့ကြလို့ ဒီဘ၀ကြီးမှာ ဒီခန္ဓာငါးပါး အစုအဝေးကြီးကို ရရှိပြီး ဒုက္ခတရားတွေကို ခံစားနေကြရတာပေါ့ ဆရာသမားရယ်။ အဲဒိ ဒုက္ခတွေ ရှိနေသရွေ့တော့ ဆရာသမားတို့လို ဗေဒင်ဆရာတွေဆီကို မသွားချင်လည်း သွားနေရဦးမှာပဲ။ မလာချင်ရင်လည်း လာနေရမှာပဲ မဟုတ်လားဗျာ”ဟု လှမ်း၍ ပြောဆိုလိုက်၏။

ဗေဒင်ဟောမည်ဟု ပြင်ဆင်နေသော ကျွန်ုပ်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားမိလေတော့၏။ အဘယ်ကြောင့်ဆိုသော ကျွန်ုပ်ထံတွင် ဒီနေ့ ဗေဒင်လာမေးသူများမှာ ကျွန်ုပ် တစ်ခါဘူးမျှ မကြုံဘူးသော သူများ ဖြစ်နေသောကြောင့် ဖြစ်နေ၏။ ယခုရောက်လာသူမှာလည်း ကျွန်ုပ်အနေနှင့် တစ်မျိုးတစ်ဖုံ ဆန်းသစ်နေပြန်၏။ ကျွန်ုပ်သည်လည်း ထိုယောဂီရောင် ၀တ်စားထားသော အမျိုးသားပြောသော စကားများကို ကောင်းကောင်း နားလည် သဘောပေါက်ခြင်း မရှိပါပဲလျှက် နားလည်သဘောသကဲ့သို့ ပုံစံမျိုးဖြင့် ဟုတ်တာပေါ့ မိတ်ဆွေ မှန်တာပေါ့ဗျာ။ အခုလောလောဆယ်တော့ ဗေဒင်ဟောပေးလိုက်ဦးမယ်။ မိတ်ဆွေလည်း ဘာကိစ္စနဲ့ လာတာလဲတော့ မသိဘူး။ ထိုင်နားပါဦး။ ကျွန်တော် အလုပ်လုပ်လိုက်ပါဦးမယ်ဟု ပြန်ပြောလိုက်လေရာ ၎င်းအမျိုးသားက မှန်တာပေါ့ဗျာ။ လုပ်ပါလုပ်ပါ။ ဒီသံသရာထဲမှာ ဒီလိုပဲ ပြေးလွှားရုန်းကန်နေကြရ မှာပါပဲ။ ဒီက နှမကြီးလည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ လုပ်ပေးလိုက်ပါ ဆရာသမားရယ်ဟု ပြန်ပြောလေတော့၏။

ကျွန်ုပ်လည်း ထိုအသွင်မတူသော အမျိုးသမီးနှင့် အမျိုးသားကို အကြောင်းပြု၍ လွင့်ပျန့်နေသောစိတ်အာရုံကို ပြန်လည်စုစည်းလိုက်ရင်း ကဲပါဗျာ ဒီက အမကြီးက မေးချင်တာကို မေးပါဗျာဟု ပြန်ပြောလိုက်လေရာ ထိုအမျိုးသမီးက အထက်တွင် ပြောဆိုမေးမြန်းခဲ့သော အော်ဖော်ပြပါ မေးခွန်းကိုပင် မေးမြန်းလေ၏။

နံပါတ်တစ်မေးခွန်းက - ကျွန်မ ဘယ်ဘ၀က လာတာလဲ ...
နံပါတ်နှစ်မေးခွန်းက - ကျွန်မကို ဘယ်ပုဂ္ဂိုလ်တွေက စောင်ရှောက်နေသလဲ....
နံပါတ်သုံးမေးခွန်းက - ကျွန်မ ဘယ်လိုပုဂ္ဂိုလ်တွေကို ယုံကြည်ကိုးကွယ်ရမလဲ....

အထက်ပါအတိုင်း မေးမြန်းလာသော ထိုအမျိုးသမီးကို ကျွန်ုပ်သည် မည်သည့်ပညာရပ်ဖြင့် တွက်ချက်၍ ပြန်လည်ဖြေဆိုရမည်ကို စဉ်းစားမရ ဖြစ်နေတော့၏။ အမှန်အတိုင်း ပြောပြ၀န်ခံရလျှင် ၎င်းအမျိုးသမီးမေးသော မေးခွန်းသုံးခုလုံးကို ပြန်လည် ဖြေဆိုနိုင်သော အရည်အချင်း မရှိကြောင်း ၀န်ခံရပေလိမ့်မည်။ ထို့ကြောင့် ပညာမဲ့တို့၏ သဘာဝအတိုင်း အရေးကြုံပါက သက်လုံမကောင်းသကဲ့သို့ မည်သို့မှ ပြန်လည်ဖြေဆိုနိုင်စွမ်း မရှိဖြစ်ကာ ကြက်ကြီး လည်လိမ်ထားသကဲ့သို့ ငူငူကြီး ထိုင်ကာ ငေးကြောင်ကြောင် ကြည့်နေမိတော့လေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ ကြံရာမရဖြစ်နေပုံ အခက်အခဲဖြစ်နေပုံကို မြင်သော ယောဂီရောင် ၀တ်ဆင်ထားသော အမျိုးသားက ထိုအမျိုးသမီးအား အောက်ပါအတိုင်း ၀င်၍ ပြောဆိုလေတော့၏။

ဒီမှာ မိန်းကလေး ။ မင်းမေးတဲ့ မေးခွန်းတွေကို ဒီလို ဗေဒင်ဆရာလိုလူက ဘယ်ဖြေဆိုနိုင်ပါ့မလဲ။ မဟုတ်ဘူးလား။ ဘုရားရဟန္တာနဲ့ ၊ ဈာန်အဘိညာဏ်ရ ပုဂ္ဂိုလ်မျိုးတွေ လောက်သာ ဖြေဆိုမယ်ဆိုရင် ဖြေဆိုနိုင်ကြမယ်။ ဒီလို သာမာန်ဗေဒင်ဆရာတွေက ဘယ်ဖြေဆိုနိုင်ပါ့မလဲ။ ဖြေဆိုနိုင်တယ်လို့ ပြောရင်လည်း အဲဒီ ဗေဒင်ဆရာ ညာတာပဲ။ အမှန်အကန် ပြောတာမဟုတ်ဘူး။ မင်း ကျုပ်ပြောတာ မယုံဘူးလား။ မိန်းကလေး မယုံကြည်ဘူးဆိုရင် မင်းရှေ့မှာ ငူတူတူကြီး ထိုင်နေတဲ့ ဗေဒင်ဆရာကို ကိုယ်တိုင်သာ မေးကြည့်ပေတော့ဟု လှမ်း၍ ပြောဆိုလိုက်လေတော့၏။ ထိုအခါ ထိုအစိမ်းရောင် အမျိုးသမီးက “ဟုတ်လား ဆရာ၊ သူပြောသလို မဖြေနိုင်ဘူးလား”ဟု ကျွန်ုပ်အား မေးလေတော့၏။

ထိုအခါ ကျွန်ုပ်လည်း “ ဟုတ်ပါတယ်ဗျာ။ အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော် ခင်ဗျားမေးတဲ့ မေးခွန်းတွေကို မဖြေနိုင်ပါဘူး။ ဒါကြောင့် သာတဲ့ တတ်တဲ့ တော်တဲ့ နားလည်တဲ့ ဆရာတွေ၊ ပုဂ္ဂိုလ်တွေကို စုံစမ်းပြီး သွားမေးတာ အကောင်းဆုံးပါပဲဗျာ” ဟု ကျွန်ုပ်က ပြန်လည် ပြောဆိုလိုက်လေ၏။ ထိုအချိန်တွင် ဘေးတွင်ထိုင်နေသော ယောဂီရောင် ၀တ်စုံဝတ်ဆင်ထားသော အမျိုးသားကြီးက ....

ဒီမှာ မိန်းကလေး။ ကျုပ်ပြောပြမယ်။ သေချာပေါက် တတ်အပ်ကြီးရယ်လိုတော့ မဟုတ်ဘူးပေါ့။ ပြောနိုင်တာလေးကိုတော့ ကျုပ်က ပြောပြလိုက်ပါ့မယ်။ မိန်းကလေး မေးတဲ့ မေးခွန်းသုံးခုမှာ နံပါတ်တစ်မေးခွန်းက - ကျွန်မ ဘယ်ဘ၀က လာတာလဲ ... ဆိုတဲ့ မေးခွန်းကို ကျုပ်ပြောပြမယ်။ နံပါတ်တစ်ဆိုတာက သံသရာဆိုတာကို မိန်းကလေး နားလည်သဘောပေါက်ရမယ်။ သံသရာဆိုတာ လည်ပတ်နေသော လှည်းဘီးကြီးနဲ့ အလားသဏ္ဍန် တူတယ်ပေါ့။ နောက်တစ်ခုက သံသရာဆိုတာ ၀ဲသြဃနဲ့ တူတယ်။ သုံးဆယ့်တစ်ဘုံ သံသရာ ၀ဲသြဃလို့ ဆိုတာပေါ့။ ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ သတ္တ၀ါ လို့ ဆိုသကိုး။ ဒါကြောင့် အဲဒီ သုံးဆယ့်တစ်ဘုံ သံသရာထဲမှာ သတ္တ၀ါတွေဟာ စုန်ချဉ်ဆန်ချဉ် လည်ပတ်နေတယ်။ လူဖြစ်လိုက် နတ်ဖြစ်လိုက် တိရစ္ဆာန်ဖြစ်လိုက် ၊ ငရဲရောက်သွားလိုက် အဲဒီလိုနဲ့ သံသရာကြီးက လည်နေတာ။ ဒါကြောင့် မိန်းကလေးမေးတဲ့ ကျွန်မ ဘယ်ဘ၀က လာတာလဲ ဆိုတဲ့ မေးခွန်းကို ဖြေရရင်တော့ သုံးဆယ်တစ်ဘုံသံသရာထဲက တစ်ဘုံဘုံထဲကနေ လူဖြစ်လာတာပေါ့“ ဟု ပြောလိုက်လေ၏။

ထိုအခါ အစိမ်းရောင် အမျိုးသမီးက “ ဒီလို ရှိပါတယ်။ ကျွန်မက ဗေဒင်လာမေးတာပါ။ တရားလာနာတာ မဟုတ်ပါဘူး။ တရားကို တကယ်လေးလေးနက်နက် နာချင်တယ်၊ ကြားချင်တယ် ၊ အားထုပ်ချင်တယ်ဆိုရင် တရာစခန်းတစ်ခုခု တရားရိပ်သာ တစ်ခုခုကို သွားမှာပါ။ ဗေဒင်ဆရာဆီလာတာ တရားအကြောင်း ဆွေးနွေးဖို့လာတာ မဟုတ်ပါဘူး “ ဟု ယောဂီရောင် ၀တ်စုံနှင့်အမျိုးသားကို လှမ်း၍ ပြောဆိုလိုက်လေ၏။ ထိုအမျိုးသားလည်း ငြိမ်ကျသွားလေတော့၏။

ထိုအမျိုးသမီးက ကျွန်ုပ်ဘက်သို့ လှည့်ကာ “ အမှန်က ကျွန်မငယ်ငယ်လေး သိတတ်စ အရွယ်လောက်တုန်းက ကျွန်မအမေနဲ့အတူ ဗေဒင် သွားမေးဘူးတယ်။ အဲဒီဗေဒင်ဆရာက ကျွန်မကို ကြည့်လိုက်ရင်း ဒီကလေးမလေးက သိုက်ကလာတာတဲ့။ အရင်ဘ၀တုန်းက ညီအမ သုံးယောက် ရှိခဲ့တယ်။ လူ့ပြည်ကို အလည်ရောက်လာတာ။ သိုက်ထဲမှာ ညီအမနှစ်ယောက်ကျန်နေသေးတယ်။ သူတို့က လိုက်ပြီး စောင်ရှောက်နေတယ်။ လူ့ပြည်မှာ နေရတဲ့ အခိုက်အတန့်မှာ အေးအေးချမ်းချမ်း ပြည့်ပြည့်စုံစုံ နေရမယ်။ ဒါပေမယ့် အိမ်ထောင်ပြုလို့တော့ မရဘူးလို့ ဟောပေးဘူးတယ်။ကျွန်မလည်း အဲဒီဗေဒင်ဆရာ ပြောတဲ့စကားကို နှလုံးသားမှာ သံမှိုစွဲသလို စွဲလန်းနေတယ်။ ဘယ်နေရာ ဘယ်ဒေသကိုပဲ ရောက်ရောက် အဲဒီ စကားကို ကြားယောင်နေတယ်။ ကိုယ့်ကိုကိုယ်လည်း ငါက သိုက်ကလာတာ၊သာမန်လူ မဟုတ်ဘူး။ ငါ့ကို သိုက်က အမတွေလိုက် စောင့်လျှောက်နေတယ်။ ငါက သူများတွေလို အိမ်ထောင်ပြုလို့ လင်ယူသားမွေးလို့ မရဘူးလို့ အမြဲတမ်း စိတ်ထဲမှာ စွဲလမ်းနေတယ်။

ဖြတ်သန်းခဲ့ရတဲ့နှစ်ပေါင်းများစွားထဲမှာ ဗေဒင်ဆရာပေါင်းများစွာထံမှာ ကျွန်မသိချင်လွန်းတဲ့ အခုဆရာ့ကို မေးတဲ့ မေးခွန်းသုံးခုကို လိုက်ပြီး မေးခဲ့ဘူးတယ်။ ဒါပေမယ့် ကျေနပ်လောက်တဲ့ အဖြေတော့ မရခဲ့ပါဘူး ဆရာရယ်။ ဒါပေမယ့်ဆရာ့ဆီကို ရောက်တော့ ဆရာက ဒီအကြောင်းအရာကို ဆရာကိုယ်တိုင် တိတိကျကျ ဃဃနန မဖြေဆိုနိုင်ဘူး။ မသိဘူးလို့ ရိုးသားစွာပြန်ဖြေတယ်။ ကျွန်မလိုချင်တဲ့ အဖြေမဟုတ်ပေမယ့် ဆရာ့ရဲ့ မသိတာကို မသိဘူး ၊မတတ်တာကို မတတ်ဘူးလို့ အမှန်တကယ် ၀န်ခံပြောဆိုတာကိုတော့ ကျွန်မ ကျေနပ်ပါတယ်။ အခု ကျွန်မလည်း ဘာဆက်လုပ်ရမှန်းကို မသိတော့ပါဘူး ဆရာရယ်ဟု ပြောဆိုလေတော့၏။

ထိုအခါ ကျွန်ုပ်လည်း ဟုတ်ကဲ့ပါဗျာ။ ကျွန်တော်လည်း ခင်ဗျားလိုချင်တဲ့ အဖြေကို တိတိကျကျ ပြန်ပြီး မဖြေဆိုနိုင်တာကို စိတ်မကောင်းပါဘူး။ ဒါပေမယ့် တစ်ခုတော့ ပြောနိုင်တာရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ကျွန်တော်တို့ လူ့ဘ၀ဆိုတာ အင်မတန်ကို ရခဲတဲ့ မနုဿတ္တဘာဝ ဒုလ္လဘ မဟုတ်ပေဘူးလားဗျာ။ အဲဒီလို ရခဲလှတဲ့ လူ့ဘ၀မှာ အချိန်တွေ တော်တော်များများကိုလည်း အဓိပ္ပါယ် မရှိတာတွေ အရေးမကြီးတာတွေတန်ဖိုးမရှိတာတွေကို လုပ်ရင်း ၊ တွေးရင်း အချိန်တွေ တော်တော်များများကို ဖြုန်းသလို ဖြစ်ခဲ့ရတယ်မဟုတ်လား။ ဒီလိုနဲ့ ခင်ဗျားတို့ကျွန်တော်တို့ အသက်အရွယ် တွေဟာလည်း တဖြေးဖြေးနဲ့ ဒုတိယအရွယ်ရဲ့တစ်ဝက်ကိုတောင် ချဉ်းနင်းဝင်ရောက်လာခဲ့ပြီနော်။ ဘာလိုလိုနဲ့ အချိန်တွေလည်း တဖြည်းဖြည်း ကုန်ဆုံးလာလိုက်တာ။ဒါကြောင့် ကျန်ရှိနေသေးတဲ့ ဘ၀ဖြတ်သန်းမှု့ အချိန်ကာလတွေမှာ မေးမြန်းလို့ မရတာတွေကိုမေးမြန်းရင်း အချိန်မကုန်စေချင်ပါဘူး။ မသေချာတာတွေကို လုပ်ရင်း အချိန်တွေကို ဖြုန်းသလို ဖြစ်နေတာတွေကို မလုပ်စေချင်တော့ ပါဘူး။ ဒါကြောင့် သေချာတာ တိကျတာ လက်တွေ့အကျိုးဖြစ်ထွန်းတာတွေကို လုပ်ဆောင်ရင်း အများအကျိုးကို လက်တွေ့ကျကျ တတ်နိုင်သလောက် လုပ်ဆောင်ရင်း မျှတတဲ့အတွေး မျှတတဲ့ စိတ်ကူးလေးတွေနဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းစေချင်ပါတယ်။ ဖြစ်နိုင်ရင် မိမိရဲ့ စိတ်နှလုံးကို အေးချမ်းစေမယ့် တရားဓမ္မတွေကို နည်းနည်းလေးကစပြီး အားထုပ်စေချင်ပါတယ်ဟု ကျွန်ုပ်က ပြောဆိုလိုက်လျှင် ထိုအစိမ်းရောင် ၀တ်ဆင်ထားသော အမျိုးသမီးက


“ ကောင်းပါပြီ ဆရာရယ်။ ဒီမေးခွန်းတွေကို မေးတာ ဆရာဆီမှာ မေးတာ နောက်ဆုံးဖြစ်ဖို့ များပါတယ်။ နောင်ကို ဘယ်သူ့ဆီမှာမှ ဒီမေးခွန်းတွေကို လိုက်ပြီး မမေးမြန်းတော့ဘူးလို့ ဂတိပေးပါတယ်။ ကျွန်မ သိချင်တာ မသိရပေမယ့် ကျွန်မ ဘာလုပ်ရမယ်ဆိုတာကိုတော့

ကျွန်မ ကောင်းကောင်းကြီး သိနားလည်သွားပါပြီ။ အဲဒီအတွက် ကျေးဇူးတင်ပါတယ် ဆရာရယ်။ ကျွန်မကို ခွင့်ပြုပါဦးနော် ” ဟု ကျွန်ုပ်အား ပြောဆို နှုတ်ဆက်ကာ မြတ်ဘုရားအား အေးချမ်းစွာ ရှိခိုးကန်တော့လျှက် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းမှ ပြန်ထွက်သွားလေတော့၏။ အခန်းထဲတွင် ကျွန်ုပ်နှင့် ယောဂီရောင် ၀တ်ဆင်ထားသော အမျိုးသား တစ်ဦးသာ တိတ်ဆိတ်လျှက် ကျန်နေခဲ့၏။

ယောဂီရောင် ၀တ်ဆင်ထားသော အမျိုးသားသည် ကျွန်ုပ်အား နှုတ်ဆက်၍ ထွက်သွားသော အစိမ်းရောင် မိန်းကလေး၏ နောက်ကျောပြင်ကို ငေးမောကြည့်လိုက်ရင်း “ အင်း တော်တော် သနားဖို့ကောင်းတဲ့ မိန်းကလေးပဲ။ ကြောင်တောင်တောင် ခေါက်တောက်တောက် ဖြစ်နေပုံရတယ်။ အယူလွဲနေတာ အယူလွဲနေတာ။ မိစ္ဆာဒိဋ္ဌိပေါ့ ဆရာရယ်။ အယူလွဲတာ အယူမှားတာပေါ့။ ဆရာကောင်းသမားကောင်းနဲ့ မတွေ့သရွေ့တော့ ဒီသံသရာ ၀ဲသြဃကြီးထဲက ရုန်းထွက်ဖို့ မလွယ်ပေဘူး။ ဒီမိန်းကလေး ရှေ့ရေးကတော့ ရင်လေးစရာ ကောင်းလိုက်တာ ဆရာရယ်။ ကျွတ်... ကျွတ် .. သနားစရာ ကောင်းလိုက်ပါဘိ ။ ဒီလိုအတိုင်း ဆက်သာ သွားနေမယ် ဆိုရင်တော့ ဒီ သံသရာ ရေအယဉ်မှာ ဆက်ပြီး မျောနေဦးတော့မှာပဲ ” ဟု ကျွန်ုပ်အား လှမ်းပြောလိုက်ရင်း.. ကဲ... ဆရာလေးလည်း အားတုန်း ကျွန်တော် မေးတာလေးကို ဖြေပေးပါဦးဟု ဆိုကာ အောက်ပါ မေးခွန်းကို ကျွန်ုပ်အား လှမ်းမေးလိုက်သောကြောင့် ကျွန်ုပ်၏ ပါးစပ်သည် ဒုတိယအကြိမ်မြောက် ဟောင်းလောင်းကြီး ဖြစ်သွားလေတော့သတည်း........

ဆရာ...။ ကျွန်တော် အခု တရား အားထုပ်နေတာ ဒီဘ၀မှာတင် တရားထူးတရားမြတ် ရနိုင်ပါ့မလား ” တဲ့။

အားလုံးကို လေးစားခင်မင်လျှက်
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ၊မဟာချိုင်မြို့

0 comments:

Post a Comment