လူသေအလောင်းကို ဖုတ်သွင်းပြီး သူ့အတွက် သတ်မှတ်ထားတဲ့ ဂူထဲကို သူ့အလိုလို လမ်းလျှောက်ဝင်သွားစေတဲ့ အကြောင်းလေးပါ။ ကျွန်တော်တို့ ဗေဒင်ဟောခန်းလေးမှာလည်း မကြာမကြာ လာမေးတာ ကြုံရတတ်ပါတယ်။ ဖုတ်ဝင်တယ် ၊ ဖုတ်သွင်းတယ် ဆိုတဲ့စကားနဲ့ ပါတ်သက်လို့ ငယ်ငယ်တုန်းက ကြားဖူးနားဝ ဖြစ်ခဲ့တဲ့ ပုံပြင်လေး တစ်ပုဒ်ကို ပြန်သတိရမိပါတယ်။ ပုံပြင်လေးက အောက်ပြည်အောက်အရပ်က ဇာတ်လမ်းလေးပါ။
တစ်နေ့မှာ အထက်အညာဒေသက အထက်ဂိုဏ်းကြီး တစ်ယောက်ဟာ အောက်ပြည်အောက်အရပ်ကို ခရီးထွက်လာတယ်။ လမ်းမှာ လူတစ်ဦး ထန်းတက်နေတာကို တွေ့တော့ အဲဒီ အထက်ဂိုဏ်းဆရာကြီးက လှမ်းအော်ပြီး နှုတ်ဆက်လိုက်တယ်။ ဟေ့... ဖုတ်ကောင် မင်းက ထန်းတွေဘာတွေတောင် တက်နေပါလားလို့ လည်း လှမ်းပြီး အော်နှုတ်ဆက်လိုက်ရော ချက်ချင်းဆိုသလို ထန်းတက်နေတဲ့ ထန်းသမားဟာ ချက်ချင်းဆိုသလို ထန်းပင်ပေါ်က ပြုတ်ကျလာတယ်တဲ့။ သွားကြည့်တော့ အရိုးစုတွေပဲ တွေ့ရတယ်တဲ့။ ဆိုလိုတာက ထန်းသမား က သေသွားတာ ကြာပြီ။ ဖုတ်က၀င်နေပြီး ထန်းဆက်တက်နေတာတဲ့။ အဲဒီ အရပ်ဒေသက လူတွေကလည်း သိတ်ပြီး နားမလည်ကြတော့ ဘယ်သူမှမသိကြတာ။ အညာက ခရီးထွက်လာတဲ့ အထက်ဂိုဏ်း ဆရာကြီးက တော့ မြင်တာနဲ့ သိလိုက်တာပေါ့။ ဒါက ကြားဖူးနားဝ အကြောင်းအရာလေးပါ။
နောက်တစ်ခုက ကျွန်တော်မြို့လေးတစ်မြို့မှာ ဗေဒင်ဟောခန်း ဖွင့်ထားတဲ့ အချိန်တုန်းက။ အသက်(၄၀) လောက်ရှိတဲ့ အမျိုးသမီးတစ်ဦး ဗေဒင်လာမေးတယ်။ သူမေးတဲ့ မေးခွန်းက ဗေဒင်ဆရာဘ၀မှာ တစ်ခါဘူးမျှ မကြုံဘူးတဲ့ မေးခွန်းပါ။ ဆရာတဲ့ ကျွန်မအမေကို သိတ်ပြီး မသင်္ကာချင်ဘူးတဲ့။ အခုရက်ထဲမှာ အမေ့ကို ကြည့်ရတာ တစ်မျိုးကြီးပဲတဲ့။ မပြောကောင်းပြောကောင်း ဖုတ်ဝင်နေတာလား မသိဘူးတဲ့။ နေ့ဘက်ဆို တစ်နေကုန် အိပ်တယ်။ ညဘက်ဆို မီးဖိုးချောင်ထဲမှာ ထထပြီး စားတော့တာပဲတဲ့။ အစားကလည်း အားကြီးကြီး လာတယ်။ အဲဒါ မသင်္ကာလို့တဲ့။ ဆရာ လိုက်ကြည့်ပေးပါလားတဲ့ ဆိုတော့ ကျွန်တော်လည်း နည်းနည်းတော့ လန့်သွားတယ်။
အဲဒီတော့ ကျွန်တော်လည်း ဒီလို အကြံပေးလိုက်တယ်။ အောက်လမ်းတွေ အတိုက်အခိုက်တွေ စုန်းဖုတ်ကဝေ မြေဖုတ်ဘီးလူး တွေကို အနိုင်ရတဲ့ အင်းတစ်မျိုးရှိတယ်။ တန်ပြန်စမလို့ခေါ်တယ်။ အဲဒါကို သူ့ကို ပေးလိုက်တယ်။ အဲဒါကို ခင်ဗျားအမေရဲ့ ခေါင်းအုန်းအောက်မှာ ထားထားလိုက်ပါ။ ထူးခြားမယ်လို့ ပြောလိုက်တယ်။ နောက်တစ် နေ့ မနက်မှာ ကျွန်တော့်ဆီ ပြန်လာတယ်။ ဆရာရေ ချက်ချင်းပဲ။
ဆရာပေးလိုက်တဲ့ အင်းပြားလေးကို ခေါင်းအုန်း အောက်ကိုလဲ ထိုးထားလိုက်ရော ချက်ချင်းပဲ အမေက ပူတယ်ပူတယ်လို့ အော်တော့တာပဲ။ ပြီးတော့ ထွက်သွား ထွက်သွားလို့လည်း အော်တယ်။ နောက် သိတ်မကြာဖူး အမေလည်း ငြိမ်သက်ပြီး အသက်ထွက်သွားတယ်။ ထူးခြားတာက အမေလည်း အသက်ထွက်သွားရော အိပ်ယာအောက်မှာ လောက်တွေ တွေ့ရတယ်။ ပြီးတော့ ချက်ချင်းဆိုသလို အရမ်း ပုတ်စော်နံတယ်လို့ ပြန်ပြောပြတယ်။ ဟုတ်လား မဟုတ်လားတော့ မသိဘူး။ အမှတ်တရ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ အခုကြတော့ အင်တာနက်မှာ ဖုတ်သွင်းတယ်ဆိုတာ ကို မြင်လိုက်ရတော့ အရမ်းအံ့သြသွားတယ်။ ဒါကြောင့် ဗဟုသုတအဖြစ် ဒီမှာ တင်ပေးလိုက်ပါတယ်။

ရှားတော့ရှားသွားပြီဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာတော့ ယနေ့ထက်တောင်ရှိနေဆဲပါပဲ ။ အင်ဒိုနီးရှားနိုင်ငံ Toraja ဟာ လူသေကောင်ကို ဖုတ်သွင်းပြီး သူမြေမြုပ်ခံရမယ့် ဂူထဲကိုသွားစေပါတယ် ။ လူသေကောင်ဟာ ရုတ်တရက် လမ်းလျှောက်ပြီး ဂူထဲကို လမ်းလျှောက်လာပါတယ်။ ရှားတော့ရှားပေမယ့် ကျွန်တော်တို့အနေနဲ့ သိပ္ပံပညာနဲ့ နေရာတကာမှာ ချိန်ထိုးပြီး မျက်စိစုံမှိတ်ငြင်းဆန်နေလို့မဖြစ်သေးပါဘူး ။

လူသေကောင်ကို ဖုတ်သွင်းတဲ့ ဓလေ့ကိုတော့ မှော်နက် ( Black magic ) အောက်လမ်းနည်း စသဖြင့် အမျိုး မျိုးခေါ်ဆိုကြပါတယ် ။

လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီး သူ့အနောက်မှာတော့ ဖုတ်သွင်းသူ မှော်ဆရာက လမ်း ညွှန်ပေး ရပါတယ်။ ဒါပေမယ့်အဲဒီအချိန်မှာ ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေရပါတယ် ။ အကယ်၍ လူသေကောင် က တခုခုကို သတိထားမိသွားမတယ်ဆိုရင် ဖုတ်က ပြန်ထွက်သွားပြီး လူသေကောင်ဟာ အဲဒီနေရာမှပဲ လဲကျသွားမှာ ဖြစ်ပါတယ် ။

ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ Toraja မှ ဂူတွေဟာ ထုံးကျောက်တွေနဲ့ တောင်နံရံတွေမှာ တည်ဆောက် ထားတာဖြစ်ပြီး သူတို့ကို သယ်ဆောင်ဖို့မလွယ်ကူပဲ သူတို့ဘာသာ လမ်းလျှောက်ဝင်မှသာ အဆင်ပြေနိုင်မှာပါ ။

ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ သိပ္ပံပညာနဲ့ အဖြေရှာမရတဲ့ ပုစ္ဆာပေါင်းများစွာဟာ ယနေ့ထက် တိုင်အောင် ရှိနေဆဲပါပဲ ။
သက်တန့်ချို
ဒီအောက်ကတော့ YouTube မှာ တွေ့ရတဲ့ ဗွီဒီယိုလေးတွေ ရှာဖွေပြီးတင်ပေးလိုက်ပါတယ်။

3 comments:
ဆရာခင်ဗျား။ အင်ဒိုနီးရှားက ဖုတ်ဝင်တယ်ဆိုတဲ့ အမျိုးသမီးပုံက photoshop ထဲမှာ effect နဲ့ ပြင်ထားတဲ့ပုံပါ။ ပုံအလိမ်ကို အင်တာနက်မှာ ဖြန့်လိုက်တော့ ဆရာ့လို ရိုးသားစွာ သူပြောတာယုံပြီး ဖြန့်ပေးမိကြသူတွေ အများကြီးပဲ။ မူရင်းက
အမျိုးသမီးပုံက တစ်ပုံသီးခြား၊ သူ့ကို ၀ိုင်းကြည့်နေတဲ့လူတွေက တစပုံသီးခြားပါ။
အပေါ်ဆုံးက အမျိုးသမီးပုံနဲ့ အောက်က လမ်းထလျှောက်နေတဲ့ ဖုတ်အလောင်းပါ ဆိုတဲ့ ဓာတ်ပုံထဲက အမျိုးသမီးက တစ်ယောက်ထဲပါပဲ။ ဒါပေမယ့် ကွန်ပျူတာထဲမှာ mirror effect လုပ်ထားတာကို ပြန်မလှည့်မိတော့ အပေါ်ပုံမှာ ဆံပင်ဘယ်ချ၊ အောက်ပုံမှာ ညာချ ဖြစ်နေတာ တွေ့ပါလိမ့်မယ်။
အောက်ပုံမှာ သူ့ကို ကိုင်ပေးထားတဲ့ လူရဲ့ လက်က သေချာကြည့်ရင် အမျိုးသမီးကို ကိုင်ပေးထားတာ မဟုတ်ပဲ အမျိုးသမီးပုံရဲ့ အပေါ်မှာ ရောက်နေတာ တွေ့ပါလိမ့်မယ်။ ဓာတ်ပုံနှစ်ပုံ ထပ်ထားလို့ပါ။
ဖုတ်ဝင်တယ်ဆိုတဲ့ ကိစ္စမှာ နာမကျန်း ဖြစ်နေတဲ့ လူကြီးမိဘတွေကို ဆက်မကျွေးထားချင်တဲ့ သားသမီး ချွေးမတွေက ဖုတ်ဝင်တယ်လို့ ပြောပြီး အစာရေစာ ဖြတ်ထားတာတွေ၊ ဖြစ်သလို ကျွေးတာတွေ၊ ဟင်းထဲ ဆားအများကြီး ထည့်ကျွေးတာတွေ ---- စိတ်မချမ်းသာစရာပဲ ဆရာ။ မိအိုဖအို နေမကောင်းဖြစ်တာ ကြာရင်သာ ဖုတ်ဝင်လားမသိဘူး ပြောတာ။ သူတို့သားသမီး နေမကောင်းဖြစ်ရင်တော့ ဘယ်လောက်ကြာကြာ ပြုစု၊ အကောင်းဆုံး ဆရာဝန်တွေဆီ ပို့တာပဲ။ ဒါကျ ဖုတ်ဝင်တယ် မပြောကြဘူး။
လူမမာက အစားအရမ်းစားတာက သူ့ကို အစားအသောက် အချိန်မှန် မကျွေးဘဲ ပစ်ထားတာတို့၊ မေ့ချင်ယောင်ဆောင်ပြီး မကျွေးတာတို့ ရှိလို့ သူစားရတဲ့အချိန်မှာ ဆာနေသူပီပီ များများစားမိတာပါ။ နေ့ဘက် အိပ်နေပြီး ညမှ ထထစားတယ်ဆိုတာလဲ နာတာရှည်လူမမာတစ်ချို့ ဒီလိုပါပဲ။ အိမ်ထဲ နေရတာများရင် လူကောင်းတွေတောင် နေ့နဲ့ည မှားသလိုဖြစ်ပြီး နေ့မှာအိပ်၊ ညမှာထ,နေ ဖြစ်တတ်ပါတယ်။ နာတာရှည်လူမမာတွေကျတော့ မပြုစုချင်လို့ ငြိုငြင်လာတဲ့မျက်လုံးတွေကို ရင်မဆိုင်ချင်လို့ နေ့ဘက် အိပ်ရာထဲ ခွေနေပြီး ညမှ သူ့ဟာသူ မီးဖိုချောင်ထဲဝင်ပြီး အစာထ,စားရသူတွေလဲ ရှိပါတယ်။
ဆရာ့အနေနဲ့ မိအိုဖအို နာတာ၇ှည်လူမမာကို လုပ်မကျွေးချင်လို့ ဖုတ်ဝင်တယ် အကြောင်းပြတာမျိုးကို လုံးဝ အားပေးလက်ခံမယ့်သူမျိုး မဟုတ်မှန်း နားလည်ပါတယ်ဆရာ။ လူတွေ ဖုတ်ဝင်တယ် အကြောင်းပြပြီး နာတာ၇ှည် လူမမာတွေကို မြန်မြန်သေအောင် လုပ်ကြတာ ကျွန်တော့်အရပ်ထဲမှာကို ကိုယ်တွေ့ ကြုံဖူးထားလို့ပါ။
ဒီလိုရှင်းပြပေးတဲ့အတွက်လူလိမ်များနောက်အင်တာနက်ပေါ်တွင်သူကိုယ်သူသိသွားသင့်ပါပြီ။ကျေးဇူးအထူးတင်ပါသည်။
Post a Comment