ဒီနေရာလေးမှာ တဒင်္ဂ သူမ၏အမည်ကို လွယ်လွယ်ကူကူပဲ ဖြူပြာလို့ အမည်ပေးထားလိုက်မယ်။ ဖြူပြာကို မွန်ပြည်နယ် မော်လမြိုင်ဇာတိလို့ သူမကပြောတယ်။ သူမက အိမ်ထောင်သည် ကလေးတစ်ယောက် အမေပါ။ သူမ၏လင်တော်မောင်နဲ့ သူမက တစ်ရပ်တည်းနေ တစ်ရေတည်းသောက် ငယ်ချစ်ဦးပါ။ တစ်ယောက်နဲ့ တစ်ယောက်က ချစ်လို့ လက်ထပ်ခဲ့ကြတဲ့သူတွေ။ သူမတို့ မိသားစုလေး အေးအတူပူအမျှ မော်လမြိုင်မှာ ဒေသအလုပ်လေးတွေနဲ့ အေးအတူပူအမျှ လုပ်ကိုင်စားသောက်ပြီး ရိုးရိုးအေးအေး နေထိုင်ကြတယ်။ အရမ်းကြီး အဆင်မပြေပေမယ့် အရမ်းကြီးလည်း ဒုက္ခမရောက်ခဲ့ဘူး။ ပုံမှန်လေးပါပဲ။
အဲဒီလိုနဲ့ တစ်နေ့မှာ ဖြူပြာက လင်တော်မောင်နဲ့ စကားများတယ်။ ရန်ဖြစ်တယ်။ ရန်ဖြစ်ရတဲ့ အကြောင်းက ဖြုပြာတစ်ယောက် နှစ်လုံးထီထိုးတာကို လင်တော်မောင်က သိသွားတယ်။ အဲဒီနှစ်လုံးထီထိုးတဲ့ ကိစ္စကို အကြောင်းပြုပြီး တစ်ယောက်နဲ့ တစ်ယောက်စကားများ ရန်ဖြစ်ကြတာ။ ဖြူပြာက စိတ်တိုလွယ်တယ်။ တစ်ခုခုဖြစ်လာပြီဆိုရင် မှားတယ်မှန်တယ် မစဉ်းစားဘူး။ ဇွတ်တရွတ်လုပ်တတ်တဲ့ အကျင့်က ရှိနေတော့ ညတွင်းချင်း ဆိုသလို ဖြူပြာက ကလေးနဲ့ လင်တော်မောင်ကို ရွာမှာပစ်ထားခဲ့ပြီး မြ၀တီမဲဆောက်ကတစ်ဆင့် ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ တက်လာခဲ့တယ်။ လင်တော်မောင်ကိုလည်း ဒီတစ်သက်အပြတ်ပဲလို့ စိတ်ဆုံးဖြတ်ပြီး ထားပစ်ခဲ့တယ်။ ဒါက ဖြူပြာဆိုတဲ့ မိန်းကလေး ထိုင်းနိုင်ငံကို ရောက်လာတဲ့ ပထမဦးဆုံးအကြောင်းပါပဲ။
ထိုင်းနိုင်ငံကို တက်လာတဲ့ဖြူပြာဟာ မဟာချိုင်မြို့ကို ရောက်လာခဲ့တယ်။ မဟာချိုင်မြို့မှာ ပုဇွန်အလုပ်ရုံတစ်ခုမှာ ၀င်ပြီး အလုပ်လုပ်ရတယ်။ ဒီနေရာမှာ တစ်ခု ပြောပြချင်တာရှိတယ်။ အဲဒါက ထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာပြည်သား ရွေ့ပြောင်းအလုပ်သမားတွေရဲ့ နေရေးထိုင်ရေး အကြောင်းလေးပါ။ အားလုံးသော မြန်မာပြည် သားတွေက နေရတာ နှစ်မျိုးရှိတယ်။ တမျိုးက မိမိတို့အလုပ်လုပ်တဲ့ စက်ရုံအလုပ်ရုံက နေစရာအခန်း စီစဉ်ပေး တာ။စက်ရုံက စီစဉ်ပေးတဲ့ အခန်းမှာနေရတဲ့ သူတွေကတော့ ကိုယ်စိတ်ကြိုက်နေထိုင်ရတာ မဟုတ်ပါဘူး။ တစ်ခန်းကို လူလေးငါးယောက် နေထိုင်ရတာ။ တစ်ချို့အခန်းတွေက လူနှစ်ယောက်ပဲ ရှိတယ်ဆိုကြပါစို့။ ဒါဆို နောက်ရောက်လာတဲ့ လူတွေက လွတ်တဲ့နေရာလေး ၀င်နေရတာပါ။ နောက်တစ်မျိုးကတော့ ကိုယ်အစီ အစဉ်နဲ့ကို အခန်းငှားပြီး ကိုယ့်မိသားစုလေး ကိုယ့်အဖွဲ့လေးနဲ့ကို စုပေါင်းနေထိုင်ကြတာ။
ကိုယ့်အစုအဖွဲ့လေးနဲ့ ကိုယ်နေရတဲ့အခါမှာ ဘာပြဿနာမှ မရှိပေမယ့် သူများတွေနဲ့ ကြုံရာလူတွေနဲ့ ဖြစ်သလို ကြုံသလို နေထိုင်ရတဲ့အခါတော့ နည်းနည်း အခက်အခဲ ရှိတယ်။ တစ်ခါတစ်လေ တစ်ယောက်နဲ သူ ဘယ်ကလည်း ငါ ဘယ်ကလည်း မသိဘူး။ တစ်ခန်းတည်းနေနေရတာ။ အဲဒီတော့ ကျွန်တော်တို့ ဖြူပြာအကြောင်းကို ဆက်ကြရအောင်။ ဖြူပြာက အဲဒီလို ယောက်ျားနဲ့ ကတောက်ကစ စကားများပြီး ထိုင်းကို တက်လာတယ်။ ပြီးတော့ အလုပ်ရုံတစ်ရုံမှာ အလုပ်ရုံက ပေးတဲ့အခန်းမှာ နေရတယ်။ အဲဒီအခန်းမှာ လင်မယား စုံတွဲတစ်တွဲရယ် နောက်ပြီး သူလင်ရဲ့ညီရယ် (၃)ယောက်ကြားထဲမှာ ဖြူပြာသွားနေရတယ်။ ဖြူပြာ ကံကောင်း တာက သူနဲ့ အတူနေရတဲ မိသားစုတွေက ရိုးရိုးသားလေးတွေ မို့ပါ။ အားလုံးကလည်း သူ့ကို ညီမလေးတစ်ယောက်လို ၀ိုင်းဝန်းစောင့်ရှောက်ကြတာပါ။
အဲဒီလိုနဲ့ ထိုင်းနိုင်ငံရောက် ဖြူပြာတစ်ယောက် ထိုင်းနိုင်ငံကို ရောက်တာ ကာလအတန်ကြာလာတော့ ရေမြေသဘာဝ အပြောင်းအလဲများကြောင့် အစစအရာရာ ပြောင်းလဲလာခဲ့တယ်။ အသားအရည်တွေ ဖြူဖွေးလာတယ်။ မိမိကိုယ်ကိုလည်း လှလှပပလေး နေတတ်စားတတ် ၀တ်တတ်လာတယ်။ ဆံပင်လေးတွေက စလို့ အရင်တုန်းကလို ဘုတ်သိုက်ကြီး မဟုတ်တော့ဘူး။ ဆံပင်လေးကိုလည်း အိုမီကုတ်လေး ချထားပြီး ရွှေအိုရောင်လေးကိုလည်း နည်းနည်းလေး ဆိုးထားသေးတယ်။ သူ့ကို အဝေးကနေ ကြည့်လိုက်မယ်ဆိုရင် ကြွေရုပ်လေးတစ်ရုပ်လို တက်ကြွလန်းဆန်းနေတယ်။ နေတတ်ထိုင်တတ် ပြောတတ်ဆိုတတ်လေးဆိုတော့ သူမကို သူတို့ အလုပ်ရုံက ကိုကိုကာလသားတွေအားလုံးက ၀ိုင်းကြိုက်ကြလို့ ဖြူပြာဆိုတဲ့ မော်လမြိုင်သူ ကောင်မလေးဟာ သူတို့အလုပ်ရုံမှာတော့ ကွင်းတောင် ဖြစ်နေလေရဲ့။
ဒါပေမယ့် ဖြုပြာက နေတာထိုင်တာတော့ စည်းကမ်းရှိရှာပါတယ်။ လူကိုသာ ပြောင်းလဲပစ်လိုက်တာ သူမရဲ့ စိတ်ဓာတ်ကိုတော့ မပြောင်းလဲလိုက်ပါဘူး။ ဘယ်သူပဲမေးမေး သူမကိုသူမ ကလေးတစ်ယောက်အမေလို့ပဲ ပြောတယ်။ အိမ်ထောင်ရှိတယ်လို့ပဲ ပြန်ပြောတယ်။ ဒါပေမယ့် သူမကို ကြိုက်တဲ့လူတွေကတော့ ဆက်လက် လိုက်မြဲ။ ကြိုက်မြဲပါပဲ။ သူမကို ကြိုက်တဲ့လိုက်တဲ့ လူတွေ လိုက်တဲ့လူတွေကတော့ သူမက အပျိုမဟုတ်ပါဘူးလို့ ဘယ်လောက်ပဲပြောပြော သူမကလိမ်နေတယ်လို့တောင် ပြန်ပြောကြတယ်။ အဲဒီတော့ သူမ ထိုင်းနိုင်ငံမှာ ကြုံတွေ့လာရတဲ့ အခက်အခဲကတော့ အင်မတန်ကြိုက်သူ လိုက်သူများတာပါ။ သူမကို ကြိုက်တဲ့လူ တွေကလည်း လူပျိုတွေလည်း ပါပါတယ်။ လူအိုတွေလည်း ပါပါတယ်။ တစ်ခုလတ်တွေရော၊ မုဆိုးဖိုတွေရော စုံလို့ပါပဲ။
အဲဒီတော့ သူမက ယောက်ျားလေးတွေကို ကြောက်တော့ အမြဲတမ်း အလုပ်သွားအလုပ်ပြန် အဖော်အဖြစ် သူမနှင့် တစ်ခန်းတည်း အတူနေတဲ့ အောင်မင်းသူနဲ့ အမြဲတမ်းအတူသွား အဖော်ပြုကြတယ်။ အောင်မင်းသူကလည်း သူမအပေါ် တော်တော်လေး စေတနာထားရှာပါတယ်။ ဘာပဲဖြစ်ဖြစ် ကာကွယ်ပေးတယ် တာဝန်ယူပေးတယ်။ သူမဘက်က ရပ်တည်ပေးရှာတယ်။ အစစအရာရာပေါ့။ နေမကောင်းတဲ့အခါမှာ သူကိုယ်တိုင် ဆေးခန်းကို လိုက်ပို့ပေးတယ်။ သူကိုယ်တိုင် ပြုစုပေးတယ်။ အဲဒီလိုနဲ့ သွားအတူ လာအတူ စားအတူ ဖြစ်နေတဲ့ အောင်မင်းသူနဲ့ ဖြုပြာတို့နှစ်ယောက် မေတ္တာမျှခဲ့ကြတယ်။ နောက် သိတ်မကြာဘူး။ သူမတို့ နှစ်ယောက်ဟာ လူကြီးသူမတွေကို အသိအမှတ်ပြုစေပြီး လက်ထပ်ခဲ့ကြတယ်။ ဒါဟာ ထိုင်းနိုင်ငံရောက် ဖြူပြာရဲ့ ဒုတိယမြောက် အိမ်ထောင်ကျခြင်းဆိုပါတော့....။
တစ်နေ့မှာ ကျွန်တော့်ရဲ့ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ ဖြူပြာတစ်ယောက် ဗေဒင်မေးဖို့ ရောက်လာတယ်။ သူမကတော့ အနာဂါတ်အတွက် ပျော်ရွှင်တက်ကြွလို့ပေါ့။ သူမ ကျွန်တော့်ဆီကို ဗေဒင်မေးခဲ့ တယ်။ ကျွန်တော်က ဟောပေးလိုက်တယ်။ ခင်ဗျား အမျိုးသားအဟောင်းက ခင်ဗျားကို မပြတ်သေးဘူးလို့။ ပြန်လာ ဆက်သွယ်မယ်လို့ ဟောလိုက်တယ်။ အဲဒီလိုလည်း ဟောလိုက်တယ်ဆိုရင်ပဲ ပျော်ရွှင်တက်ကြွနေတဲ့ ဖြူပြာရဲ့ မျက်ဝန်းမှာ ၀မ်းနည်းတဲ့အရိပ်အငွေ့ လွမ်းဆွတ်တဲ့ အငွေ့အသက်တွေ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာ ခဲ့တယ်။ ပြီးတော့ တစ်ချက် ငိုရှိုက်သံ ထွက်လာတယ်။
ကျွန်တော်ကလည်း သူမငိုတာကို ခနစောင့်နေလိုက်တယ်။ ပြီးတော့မှ သူမက တိုးတိတ်တဲ့အသံနဲ့ သူနဲ့ကျွန်မ မထိုက်တန်တော့ပါဘူး ဆရာရယ် ၊ အခု လက်ထပ်ထားတဲ့ အမျိုးသားကလည်း ကျွန်မရဲ့ အချစ်ဦးမဟုတ်ပေမယ့် ကျွန်မအပေါ် သိတ်ကောင်းတဲ့ ကျွန်မဘက်က အရာရာ ရပ်တည်ပေးတဲ့ ကျွန်မ အိမ်ထောင်ဖက် တစ်ယောက်ပါလို့ ပြောရှာတယ်။ ပြီးတော့ သူမဆက်ပြောတယ်။ ကျွန်မလေ သူ့ကို စိတ်လိုက်မာန်ပါသာ ထားပစ်ခဲ့ရတာ သူသာလျှင် ကျွန်မရဲ့အချစ်ဦး ၊ အိမ်ထောင်ဦးပါ ဆရာရယ်လို့ ဆက်ပြီးပြောရှာတယ်။ အဲဒီလိုနဲ့ သူ ကျွန်တော့်ဆီမှာ မေးချင်တာလေးတွေ မေးပြီး နှုတ်ဆက်ပြန်သွားတယ်။ ကျွန်တော်ကတော့ ပြန်ကာနီး နှုတ်ဆက်နေတဲ့ မဖြူပြာကို လှမ်းပြီးပြောလိုက်သေးတယ်။ တားရော့ကဒ်က “ရှင်ပြန်ထမြောက်” ကဒ် ကျတယ်နော်။ အဟောင်းတွေ ပြန်ရှင်သန်လာမယ် ဆိုတဲ့သဘောပဲလို့ လှမ်းပြီး ပြောလိုက်မိသေးတယ်။
အဲဒီလိုနဲ့ မဖြုပြာဆိုတဲ့ မိန်းကလေးကို ကျွန်တော် မေ့လျော့သွားခဲ့တယ်။ ဗေဒင်ဆရာဆိုတာ ဒီလိုပါပဲ။ ဒီနေ့ ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေကို ဒီနေ့မှာပဲ ခေါင်းထဲက အပြီးအပိုင် သွန်ထုပ်ပစ်ရတာလေ။ ဒါမှ နောက်တစ်နေ့မှာ စိတ်သစ်လူသစ်နဲ့ ဗေဒင်ဟောကိန်းအသစ်တွေကို ဟောဆိုနိုင်တော့မှာ မဟုတ်လား။ ဒါကို ဗလာလို့ ခေါ်နိုင်မလားပဲ။ ဒါကြောင့် ကျွန်တော်က “ဗလာ” ဆိုတာကို အရမ်းကြိုက်ခဲ့တာ။ နာမည်မှာတောင် ဟိန်းတင့်ဇော် (ဗလာ)လို့ ကိုယ့်ဘာသာ ရေးခဲ့တာ။ တစ်ခါတုန်းက စင်္ကာပူက အန်တီတစ်ယောက်က ဗလာဆိုတာ ဘာလဲလို့ အင်တာဗျူးခံခဲ့ရသေးတယ်။ ပြီးတော့ အဲဒီ အန်တီကြီးက ပြောသေးတယ်။ ဗလာဆိုတာ နိမိတ်မကောင်းပါဘူး ဆရာလေးရယ်တဲ့။ မတတ်ပါနဲ့တဲ့။ ထားပါတော့။
မှတ်မှတ်ရရ ဒီနေ့ ကျွန်တော်ဗေဒင်ဟောခန်းထဲကို ခပ်ပိန်ပိန်ခပ်မဲမဲ အမျိုးသမီးတစ်ဦး ၀င်ရောက်လာခဲ့တယ်။ အဲဒီအမျိုးသမီးက ဆရာကျွန်မကို မမှတ်မိဘူးလား။ ဖြူပြာလေတဲ့။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆရာ့ဆီမှ ဗေဒင်လာမေးဘူး တယ်လေလို့လည်း ပြောရော ကျွန်တော် သေသေချာချာလေး ကြည့်လိုက်မိတယ်။ မှတ်မိ လိုက်ပါပြီ။ မဖြူပြာရယ်မှ မဖြူပြာ၊ အရင်တုန်းက အသားအရည် ရုပ်ဆင်းအင်္ဂါ တစ်ခုဆိုမှ တစ်ခုမှရယ် မကျန်တော့ဘူး။ ကျွန်တော်က နည်းနည်းလေး ပိန်သွားတယ်နော်။ အသားလေးလည်း နည်းနည်း ညိုသွားတယ် လို့ မလျှော့မတင်းလေး ပြောလိုက်တော့ မဖြူပြာက မချိပြုံးလေးပြုံးတယ်။ ပြီးတော့ နည်းနည်းတင် ဘယ်ကပါ့မလဲ ဆရာရယ်တဲ့။ တော်တော်လေးကို မဲသွားတာ၊ အသားအရည်တွေကလည်း ချောက်ခမ်းသွားတာ မဟုတ်လား ဆရာရယ်လို့ ပြန်ပြောတယ်။ ကျွန်တော်က ကဲဗျာ... ဒီနေ့ ဘာလုပ်ပေးရမလဲ၊ ဘာကြည့်ပေးရမလဲ ဘာကူညီပေးရမလဲလို့ မေးလိုက်တော့.... မဖြူပြာက...
ဒီလိုပါဆရာရယ်။ လောလောဆယ်တော့ ကျွန်မက စိတ္တဇဖြစ်နေတာ။ ဆရာ ဟောခဲ့သလိုပါပဲ။ ကျွန်မရဲ့ အမျိုးသားဟောင်းကလည်း ကျွန်မကို စိတ်မကုန်လို့ ဆိုပြီး ထိုင်းနိုင်ငံကို လိုက်လာခဲ့တယ်။ အခုလေ သူ ကျွန်မတို့ အလုပ်ရုံမှာပဲ အလုပ်ဝင်လုပ်နေတယ်။ နေတာကလည်း ကျွန်မတို့နဲ့ တစ်ခန်းကျော်လေးမှာပဲ နေနေတယ်။ ကျွန်မကလည်း သူ့ကို ပြောပြပါတယ်။ ကျွန်မအိမ်ထောင်ကျနေပြီ ဆိုတဲ့အကြောင်း။ ဒါကြောင့် ရှင်လည်း အိမ်ထောင်ပြုချင်လဲ ပြုပါ။ ကိုယ့်ဘ၀ကို ကိုယ်လျှောက်ပါတော့လို့ ပြောတာပါပဲ။
ဒါပေမယ့် ဆရာရယ်။ ဘယ်လိုပင် ပြောပြော ကျွန်မရဲ့ ယောက်ျားဟောင်းက လုံးဝ ကျွန်မစကားကို နားမထောင်ပါဘူး။ သူက ဘာပြန်ပြောတယ် မှတ်လဲ။ မင်းကို ဘယ်တုန်းကမှ အပြစ်မမြင်ခဲ့ပါဘူး။ ပြီးတော့ ငါ့ဘ၀မှာ မင်းကလွဲပြီး ဘယ်မိန်းကလေးကိုမှလည်း စိတ်မ၀င်စားခဲ့ပါဘူး။ ဒါကြောင့် မင်းတစ်ယောက်တည်းကိုပဲ ဒီနေ့ထိ မြတ်မြတ်နိုးနိုး ချစ်နေတာပါ။ မင်းနဲ့ ပြန်မပေါင်းရရင်တောင်မှ မင်းမျက်နှာလေးကို နေ့တိုင်း ကြည့်နေရ မြင်နေရရင် ကျေနပ်ပါပြီ လို့ ပြန်ပြောတယ် ဆရာရယ်။ ကျွန်မလည်း ပြောမရတဲ့အဆုံး ဒီတိုင်းပဲ လက်ပိုက်ကြည့်နေရတယ်။ နေ့တိုင်း မြင်နေတွေ့နေ၇တော့လည်း ဘယ်စိတ်ကောင်းပါ့မလဲ ဆရာရယ်။
နောက် အခုလက်ရှိ ကျွန်မနဲ့ ဒီမှာ အိမ်ထောင်ကျနေတဲ့ အမျိုးသားကိုလည်း ပြောပြလိုက်တယ်။ မပြောရင် မကောင်းဘူးလေ။ အကြောင်းဆုံပြောပြလိုက်တယ် ဆိုရင်ပဲ အခုသူက ဘာပြန်ပြောလဲ သိလား။ မ.. ရယ်တဲ့ ကျွန်တော်ကလည်း မ ကို ဘယ်လိုနည်းနဲ့မှ မကွဲနိုင်ဘူးနော်တဲ့။ ဒါကြောင့် သူ့ကို ဘယ်တော့မှ မထားခဲ့ပါနဲ့တဲ့။ ကျွန်မ မရှိရင် သူ အသက်မရှင်နိုင်ဘူးတဲ့။ ကိုယ့်ကိုကို တစ်ခုခု လုပ်ပစ်လိုက်မယ်တဲ့။ အဲလိုပြောတယ် ဆရာ။ ကျွန်မလည်း ထိုင်းနိုင်ငံမှာ နေလာတဲ့အခိုက်အတန့်မှာ ကျွန်မအပေါ် အမြဲတမ်းကောင်းနိုင်ခဲ့တဲ့ သူ့ကိုလည်း ရက်ရက်စက်စက်ကြီး မထားခဲ့နိုင်ဘူး။ အဲဒီတော့ ဆရာရယ်။ အခု ကျွန်မဘယ်လို လုပ်ရင် ကောင်းမလဲ။ ဆရာ ကူညီပေးပါဦး ဆရာရယ်ဆိုပြီး ကျွန်တော့်ဆီမှာ ဗေဒင်မေးပြန်တယ်။
ကျွန်တော်လည်း ဖြူပြာရဲ့မျက်နှာကို တစ်ခါမှမမြင်ဘူး မတွေ့ဘူးတဲ့ တစ်စိမ်းတစ်ယောက်လို ငေးကြည့်နေမိ တယ်။ ပြီးတော့ ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။ ညိမ်သက်တိတ်ဆိတ် ဆွံအပြီး ကြည့်နေတဲ့ ကျွန်တော့်ကို မဖြူပြာက ဆရာရယ် ကူညီပေးဦးလေလို့ အားမလိုအားမရ ထပ်ပြောပါတယ်။ အမှန်အတိုင်း ပြောရရင် ကျွန်တော် မဖြူပြာကို ဘာမှ ပြောစရာစကား မရှိပါ။ အဘယ့်ကြောင့်ဆိုသော ဤအရာသည် မဖြူပြာကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ရမည့် အကြောင်းအရာ ဖြစ်နေသောကြောင့် ဖြစ်၏။
ဒါကြောင့် ကျွန်တော်က ဖြူပြာရယ် ဒီကိစ္စက ဗေဒင်ဆရာနဲ့ ဘာဆိုင်လို့လဲ။ ယတြာတွေဘာတွေလည်း မလုပ်ခိုင်းနဲ့နော်။ အဲဒီကိစ္စကို ယတြာ လုပ်ပေးမှာ မဟုတ်ဘူး။ လုပ်လို့လည်း မရဘူး။ တစ်ယောက်ယောက်နဲ့ ကွဲအောင်လည်း ဓာတ်ရိုက်ဓာတ်ဆင်တွေ ဘာတွေ မလုပ်ခိုင်းနဲ့။ မလုပ်ကောင်းဘူး။ မလုပ်အပ်ဘူးလို့ ကျွန်တော်လည်း စကားကို တစ်ခါတည်း ပိတ်ပြီးပြောလိုက်တယ်။ အဲဒီတော့ ဖြူပြာက ယတြာလည်း မတောင်းဘူး။ ဓာတ်ရိုက်ဓာတ်ဆင်လည်း မလုပ်ခိုင်းပါဘူး။ ဗေဒင် ကြည့်ပေးရုံသက်သက်ပါ။ ဗေဒင်ကလည်း အများကြီးမမေးပါဘူး။ နှစ်ခွန်းတည်းပဲ မေးမှာပါ။ အဲဒီလောက်တော့ ဆရာကူညီပေးနိုင်မှာပါလို့ ဖြူပြာက ပြန်ပြောတယ်။ အဲဒီတော့ ကျွန်တော်ကလည်း စိတ်မသက်မသာနဲ့..
ကဲ... ဘာမေးမှာလဲ။ နှစ်ခွန်းတည်းနော်လို့ ပြန်ပြောလိုက်တယ်။ အဲဒီတော့ဖြူပြာက ဟုတ်ပါပြီ ဆရာရယ်။ တကယ့်ကို နှစ်ခွန်းတည်း မေးမှာပါလို့ပြောပြီး ဗေဒင်စတင်မေးတယ်။ နံပါတ်(၁) ကျွန်မနဲ့ လက်ရှိပေါင်းနေတဲ့ အိမ်ထောင်နဲ့ ကွဲကိန်းရှိလား မရှိဘူးလားလို့ စတင်ပြီးမေးတယ်။ ကျွန်တော်လည်း တားရော့ကဒ်တွေကို ချိုးခိုင်းပြီး အဖြေပေးလိုက်တယ်။ ဟင့်အင်း ဖြူပြာနဲ့ လက်ရှိအိမ်ထောင်နဲ့ လုံးဝ ကွဲကိန်းမရှိဘူးလို့ ပြန်ဖြေလိုက်တယ်။ ဖြူပြာက သက်ပျင်းရှိုက်လိုက်တယ်။ ပြီးတော့ နောက်တစ်ခွန်း ဆက်မေးတယ်။ ဒါဆိုရင် အရင် အိမ်ထောင်ဟောင်းက နောက်ဆုပ်သွားမှာလားတဲ့။ ကျွန်တော်က တားရော့ကဒ်တွေကို ချိုးခိုင်းလိုက်ပြီး ဒုတိယမေးခွန်းကို ပြန်ဖြေပေးလိုက်တယ်။ နိုး... လုံးဝ နောက်ဆုပ်သွားဖို့ အစီအစဉ်မရှိဘူး။ ဆက်ပြီး စောင့်မျှော် နေမယ်လို့ ပြန်အဖြေပေးလိုက်တယ်။ ဖြူပြာက ဟယ်.... ဒါဆို ဘယ်လိုကြီးတုန်းလို့ ပြန်ပြောတယ်။ ကျွန်တော်က လည်း အေး ဘယ်လိုကြီးတုန်း ငါလည်း မပြောတတ်လို့ နင့်ကို ပြန်မေးမလို့လို့ ပြန်ပြောလိုက်မိတယ်။ ဖြူပြာလည်း မျက်လုံးလေး ကလယ်ကလယ်နဲ့ အင်းနော် ဘယ်လိုတွေ ဖြစ်လာဦမလဲ မသိပါဘူး ဆရာရယ်လို့ ကျွန်တော့်ကို ပြန်ပြောရင် အင်း.... ဒါဆို ပြန်ပြီနော်လို့ ပြောဆိုနှုတ်ဆက် ပြန်သွားခဲ့တယ်။ ကျွန်တော်လည်း ဖြူပြာရဲ့ နောက်ကျောကို မအူမလည် ငေးကြည့်နေမိတယ်။
အဲဒီအချိန်မှာ ကျွန်တော့်အနားမှာရှိတဲ့ တပည့်လေးက အင်း ... ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလိုက်တာလို့ ပြောတယ်။ ပြီးတော့ သူက ဆက်လက်ပြီး ဒါမျိုးတွေလည်း ရှိတာပဲနော်တဲ့ ။ ကျွန်တော်က ဘာပြန်ပြောရမှန်းမသိလို့ ဆေးလိပ်တစ်လိပ်ကို မီးညှိုရှိုက်ဖွာလိုက်ရင်း မီးခိုးတွေကို ကောင်းကင်ပေါ်ကို မှုတ်ထုပ်လိုက်မိတော့တယ်။ ကျွန်တော့်တပည့်လေးက ထပ်ပြောလိုက်တယ်။ အော်... ဒါ အကြောင်းကြောင်းတွေကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်လာတာနေမှာတဲ့။ ပြီးတော့ သူ့စကားကို သူပြန်သဘော ကျသွားပုံနဲ့ တဟဲဟဲ ရီနေတယ်။
ချစ်စွာသော စာဖတ်သူများခင်ဗျာ... ဤ အကြောင်းအရာသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းထဲတွင် အမှန်တကယ် ကြားသိခဲ့ရသော ထိုင်းနိုင်ငံမှ ရွေ့ပြောင်းအလုပ်သမား မြန်မာပြည်သား များစွာထဲက အကြောင်းအရာ တစ်ခု ပင် ဖြစ်ပါကြောင်း ပြန်လည်တင်ပြပေးလိုက်ရပါသည်။ ကျွနိုပ်အနေနှင့် ဤဇာတ်လမ်းလေးထဲမှ ဇာတ်ကောင်း သုံးဦးစလုံးကို ဘာမျှမပြောလိုပါ။ ကောင်းတယ်လို့လည်း မပြောလိုပါ။ မကောင်းဘူးလို့လည်း မဝေဖန်လိုပါ။ မှန်တယ် မှားတယ်ဟူ၍လည်း အကြံမပေးလိုပါ။ အဘယ်ကြောင့်ဆိုသော် ဤအကြောင်းအရာမျိုးသည် လောကကြီးတွင် စဉ်ဆက်မပြတ် ဖြစ်တည်နေသော အကြောင်းအရာ အဖြစ်အပျက် များစွာထဲက အကြောင်းအရာ တစ်ခုပင်မဟုတ်ပါလား။ ထို့ကြောင့် ဘာတွေဆက်ဖြစ်ကြမည်ကို စောင့်ကြည့်ရုံကလွဲ၍ ကျွန်ုပ် တွင် မည်သည့် အကြံပေးချက်မျှ မပေးလိုခြင်း မဝေဖန်လိုခြင်းပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ ဝေဖန်ရေး လေကန်ရေးများကို နားထောင်ရန်လာသည် မဟုတ်။ ဗေဒင်မေးရန် လာခြင်း ဖြစ်ပေရာ ကျွန်ုပ်အနေနှင့် ဗေဒင်ဟောပေးလိုက်ခြင်းသည်သာ ကျွန်ုပ်၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင် လိုက်ခြင်းပင် ဖြစ်ပေတော့၏။

4 comments:
ဆရာ သမီး မေလမှာနိုင်ငံခြားစာမေးပွဲ (TOEFL)ကိုဖြေစရာရှိပါတယ်။သမီးအဲ့ဒီစာမေးပွဲကို အမှတ်အမြင့်ဆုံးနဲ့ရနိုင်မလား။ရခဲ့ရင် နိုင်ငံခြားကျောင်းကိုလျှောက်တဲ့အခါ ပညာတော်သင်ဆုရနိုင်သလား။ ကူညီပေးပါ ဆရာ။ သမီးက မြန်မာသက္ကရာဇ် ၁၃၅၁ ၀ါခေါင်လပြည့်ကျော် ၈ ရက်နေ့မှာမွေးပါတယ်။
ဆရာ...
ကျနော်နဲ. ကျနော့်ချစ်သူကို ကျနော့်မိဘတွေက ခါးခါးသီး လုံးဝသဘောမတူပါဘူး...အဲ့ဒိကိစ္စလေး သဘောတူ လက်ခံအောင်ဘယ်လိုလုပ်ရပါမလဲ...ကူညီပေးပါအုံးဆရာ...

Post a Comment