ယုန်နှစ်မှနဂါးနှစ်သို့...
တရုတ်ရိုးရာ ပြက္ခဒိန်အရ လာမည့် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၂၃ရက်နေ့မှစ၍ ယုန်နှစ်မှ နဂါးနှစ်သို့ ကူးပြောင်း ရောက်ရှိမည်ဖြစ်၍ နိုင်ငံတကာ၌ စီးပွားရေး အခြေအနေများ ပြောင်းလဲလာနိုင်ကြောင်း ဗေဒင် ပညာရပ်ဆိုင်ရာ ပညာရှင်များထံမှ သတင်းရရှိပါသည်။
တရုတ်ရိုးရာ ပြက္ခဒိန်နှစ်တွင် ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေးနှင့် ၀က်ဟူသော သတ္တ၀ါ ၁၂ကောင်တို့ဖြင့် တစ်ကောင်လျှင် နှစ်တစ်နှစ်အဖြစ် သက်မှတ်မှုကြောင့် ၂၀၁၂ ခုနှစ်တွင် ကျရောက်မည့် နဂါးနှစ်မှာမူ အဆိုပါနှစ် ဇန်န၀ါရီလ ၂၃ရက်နေ့မှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၄ ရက်နေ့အထိ ကျရောက်မည် ဖြစ်သည်။
''နဂါးနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်နှစ်အရ ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်တာကြောင့် ပစ္စည်းဥစ္စာ တိုးတက်မှုတွေ ကြုံနိုင်ပြီး နိုင်ငံတကာမှာ စီးပွားရေးအခြေအနေ ပြောင်းလဲမှုတွေ ကြုံနိုင်ပါတယ်။ တိုင်းပြည်ကြီးတွေမှာလည်း မင်းပြောင်းမင်းလဲတွေ ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအသီးသီးမှာ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ လာမယ့်နှစ်က မြန်မာပြက္ခဒိန်အရ ၀ါထပ်မယ့်နှစ်ဖြစ်သလို တရုတ်နှစ်မှာလည်း ၀ါထပ်တာ ကြောင့် ရေဘေးဥပဒ်ကို ဂရုပြုသင့်ပြီး မြန်မာနိုင်ငံကတော့ ကပ်ဆိုးကနေ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။
ပြီးခဲ့တဲ့ သရေခေတ္တရာခေတ် BC ၃၀၁ ခုနှစ် ရန်ပေါင်မင်းလက်ထက်တုန်းက ကောင်းကင်မှာ နေနှစ်စင်း ထွက်ခဲ့ဖူးတာရှိသလို AD ၅၂၃ မှာ ဆိုရင်လည်း မိုးကောင်းကင်ကနေ လောင်မီးတွေ ခုနစ်ရက်တိုင်တိုင် ကျခဲ့ဖူးတာကို မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရဖူးတယ်ဆိုတာ သမိုင်းအထောက် အထားတွေမှာ ပါရှိထားပါတယ်။ ဒါကြောင့် မထင်မှတ်ထားတဲ့ အပြောင်းအလဲကြီး တစ်ခု ဖြစ်မယ်ဆိုရင်တောင် ကမ္ဘာကြီးတစ်ခုလုံး ပင်လယ်ရေနဲ့ ဆေးချလိုက်သလို လုံးဝပျက်သွားမှာ မဟုတ်ဘဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုကိုပဲ အခိုက်အတန့် ကြုံရမှာပါ'' ဟု ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုက သုံးသပ်ပြောကြားပါသည်။
အလားတူ တိရစ္ဆာန်များအနေဖြင့်လည်း ကပ်ဆိုးအန္တရာယ်ဖြစ်သော နွားရူး၊ ကြက်တုပ်ကွေး၊ ၀က်နားရွက်ပြာရောဂါ စသည်တို့ ရုတ်တရက် ဖြစ်ပေါ်နိုင်ပြီး ကာကွယ်တားဆီး နိုင်မှုနည်းပါးသည့် အခြေအနေနှင့် ကြုံတွေ့နိုင်ကြောင်း သိရှိရပါသည်။

0 comments:
Post a Comment