တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ မသူသူအောင်ဟု အမည်ရသော အမျိုးသမီးတစ်ဦး ဗေဒင်မေးရမ်အလို့ငှာ ရောက်ရှိလာလေ၏။ သူမသည် ဘာသာတရားကို လွန်စွာ အလေးထားသူ ဖြစ်ကြောင်း ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးကို လွန်စွာလေးစားကြည်ညိုသူ ဖြစ်ကြောင်း ပြောပြလေ၏။ သူမနှင့် လုံးလုံး ဆန့်ကျင်ဘက် ဖြစ်သူမှာ သူမ၏ အမျိုးသားပင်ဖြစ်၏။ သူမသည် လွန်စွာ စိတ်သဘောထား နူးညံ့ပျော့ပြောင်းသလောက် သူမ၏ လင်တော်မောင်မှာ လွန်စွာ စိတ်သဘောထား ကျမ်းတမ်းသူ ဖြစ်သည်။ စိတ်တိုလွယ်၏။ ထစ်ခနဲ့ဆို ဒေါသထွက်တတ်၏။ စကားပြောလျှင်လည်း လွန်စွာ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတတ်၏ ထစ်ခနဲ့ဆို စိတ်တိုပြီး လက်တွေခြေတွေ ပါလာတတ်၏။
ထိုကဲ့သို့ သူမနှင့် ပြဒါးတလမ်း သံတစ်လမ်း ဖြစ်နေသော လင်ယောက်ျား ဖြစ်သူနှင့် တစ်အိုးတစ်အိမ်တည်းတွင် အတူတကွ နေထိုင်နေရသော သူမသည် လင်တော်မောင် မည်မျှပင် ဆိုးသွမ်းကြမ်းတမ်း နေစေကာမူ သူမ၏ ချစ်ခြင်းမေတ္တာ မပျောက်ပျက်ပေ။ သူမတွင် ၀ဋ်ကျွေးပါလို့ပဲဟု တွေးတောကာ ဘာသာတရားနှင့် ဘုရားတရား အလုပ်များကို ပိုလုပ်မိသည်ဟု ပြောပြလေ၏။ ယခုလည်း သူမသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ၀င်ရောက်လာပြီးလျှင် အောက်ပါအတိုင်း ပြောပြလေတော့၏။
ဒီလိုပါဆရာ။ ကျွန်မက ဆရာ့ဆီလာခဲ့တာ အကူအညီတောင်း ချင်လို့ပါဆရာ။ အကူအညီ မတောင်းခင် ဆရာ့ကို ကျွန်မ အိမ်ထောင်ရေးနဲ့ ပါတ်သက်ပြီး ဆရာ့ကို ပြောပြခဲ့သလို ကျွန်မယောက်ျားက စိတ်ကြမ်းလူကြမ်း ကြီးဆိုတော့ သူနဲ့ကျွန်မက အိမ်ထောင်ရေး သိပ်ပြီးအဆင်မပြေဘူး။ ဒါပေမယ့် ကျွန်မက သူ့ကို မေတ္တာ မပျက်ပါဘူး။ ပြီးတော့ ကျွန်မယောက်ျားကို ကျွန်မက မမုန်းနိုင်ပါဘူး။ ပစ်ဖို့ဆိုတာတော့ ဝေလာဝေးပေါ့ ဆရာရယ်။ အဲဒီတော့ ကောင်းဖို့ကိုပဲ လိုလားတယ် ဆရာ။ နောက်တစ်ခု ကျွန်မ စဉ်းစားမိတာ တစ်ခုရှိတယ်။ ဘာလဲဆိုတော့ မေတ္တာဆိုတာ အသွားအပြန် ရှိမယ်လို့လေ။ အဲဒီတော့ ကျွန်မ ယောက်ျားကို ကျွန်မ အေးချမ်းအောင် မေတ္တာပို့တဲ့ နည်းနဲ့ အေးချမ်းစေချင်တယ်။ ဒါကြောင့် နေ့တိုင်းညတိုင်း သူ့ကို မေတ္တာပို့ပေးတယ်။ ဒါပေမယ့် သိပ်ပြီး မထူးပါဘူး ဆရာရယ်။ ကျွန်မ လုပ်တာ နည်းစနစ်များ မှားနေမလားလို့။ ဆရာကတော့ နည်းစနစ် ကောင်းကောင်းလေးများရှိရင် ကျွန်မကို ပြောပြပါဦး ဆရာရယ်ဟု ပြောလေ၏။
မေတ္တာပို့တယ်ဆိုတာ အင်မမတန်ကောင်းပါတယ်။ အဲဒီမှာ တစ်ခုရှိတာက မေတ္တာ-ပို့တယ်ဆိုတဲ့ စကားကို စဉ်းစားကြည့်ရအောင် မသူသူရဲ့။ သူများကို ပို့တယ်ဆိုတဲ့ စကားမှာ ကိုယ့်မှာ အဆင်သင့်ရှိမှ ပို့ပေးလို့ ရမှာပေါ့။ ကိုယ့်မှာ လုံးဝ မရှိတဲ့ အရာဝတ္ထုတစ်ခုကို သူများကို ပို့ပေးမယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ မဟုတ်လား။ ဒါကြောင့် သူများကို ပို့ပေးချင်တယ်ဆိုရင် ကိုယ့်မှာ အရင်ရှိအောင် လုပ်မှရမယ်။ ဘုရားဟော စာပေထဲမှာ မေတ္တာသဟဂတေန ဆိုတာပါတယ်။ အဓိပ္ပါယ်ကတော့ မေတ္တာနှင့် အတူတကွ နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရမယ်ဟု ကျွန်ုပ်က ပြောလိုက်လျှင် သူသူအောင်က...
မှန်တာပေါ့ ဆရာရယ်။ သိပ်မှန်တာပေါ့။ ကိုယ့်မှာ မရှိပဲနဲ့ သူများကို ပေးဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒါဆိုရင် မေတ္တာ ကိုယ့်မှာရှိအောင် ဘယ်လို ကျင့်ရမလဲဟု ပြန်မေးလေ၏။
မေတ္တာရှိအောင် ဘယ်လို ကျင့်ရမလဲဆိုတော့ တကူးတက လေ့ကျင့်နေစရာ မလိုပါဘူး။ မေတ္တာရဲ့ ဆန့်ကျင်ဘက်တွေ မလုပ်နဲ့ပေါ့။ မေတ္တာရဲ့ ဆန့်ကျင်ဘက်တွေကတော့ ဒေါသတွေ ရက်စက်တာတွေ ကြမ်းတမ်းတာတွေ မနာလိုတာတွေ သ၀န်တိုတာတွေ လိုချင်တတ်မက်မှု့တွေ သူတစ်ပါးကို ပျက်စီးစေလိုတာ တွေ၊ သူတစ်ပါး အောင်မြင်လာရင် မကျေနပ်တာတွေ အားလုံးပေါ့။ ပြောရရင်တော့ အများကြီးပေါ့။ အဲဒါတွေက မေတ္တာတရားကို ပျက်စီးရာ ပျက်စီးကြောင်းတွေပဲ။ အဲဒါတွေကို ရင်ထဲမှာ ထည့်ထားလိုက်တဲ့ အချိန်မှာ ကိုယ့်ရင်ထဲမှာ မေတ္တာဆိုတာ ပျောက်ပျက်သွားတယ်။ ဝေးသွားတယ်။ ဒါကြောင့် မကောင်းတဲ့ စိတ်လေးတွေ နည်းနိုင်သမျှ နည်းအောင် ကောင်းတဲ့ စိတ်လေးတွေ များနိုင်သလောက် များအောင် နေထိုင်တယ် ဆိုတာဟာ လည်း မေတ္တာနဲ့ အတူတကွ နေထိုင်ခြင်းပေါ့ဟု ကျွန်ုပ်က ပြောလိုက်လေလျှင် သူသူအောင်က.....
ဟုတ်ပါပြီ ဆရာရယ်။ အခုဆက်လက်ပြီး ထိရောက်အောင် မေတ္တာပို့တဲ့ နည်းလေး ပြောပြပါဦးဟု ပြန်ပြောသောကြောင့် ကျွန်ုပ်က အောက်ပါအတိုင်း ဆက်လက် ပြောပြရလေ၏။
ဒီလို သူသူအောင်ရဲ့။ ဒီနည်းက လယ်တီဆရာတော်ကြီးနည်းလို့တော့ ကြားဖူးတာပဲ။ အရမ်းလည်း ထူးခြားထိရောက်တယ်။ ငါ့ဘ၀မှာ ငါ့ရဲ့ အသက်အန္တရယ်ကို ရန်ရှာမယ့်သူကိုတောင် ဒီမေတ္တာပို့တဲ့ နည်းလေးနဲ့ ပို့ကြည့်ဖူးတယ်။ မကြာပါဘူး။ ၁၀-ရက်အတွင်းမှာ သဘောထား ပြောင်းလဲသွားတယ်။ ပြီးတော့ ငါ့ကို ပြန်တောင်းပန်တယ်။ တော်တော်များပါတယ်။ ပထမဦးဆုံး အတွေ့အကြုံတစ်ခုကို ပြောပြရဦးမယ်။
တစ်ခါတုန်းက အမျိုးသမီးတစ်ဦးက ဓာတ်ပုံတစ်ပုံကို ယူလာပြီး ငါ့ဆီမှာ ဗေဒင်လာမေးတယ်။ သူက မေးတာက ဒီလို။ ဒီလူက သူ့ကို ကမ်းလှမ်းထားတယ်တဲ့။ ဒါပေမယ့် လူကိုတော့ မတွေ့ဘူးသေးဘူးတဲ့။ အခုလောလောဆယ်တော့ မလေးရှားမှာ ရှိနေတယ်။ သူ့အကြောင်း နည်းနည်းလေး သိချင်တယ်တဲ့။ အဲလိုမေးတယ်။ အဲဒီတော့ ငါကလဲ တွက်ပေးတယ်။ အဲဒီမှာ ဘာသွားတွေ့ရသလဲဆိုတော့ သူက အိမ်ထောင်ရှိတယ်လို့ သွားတွေတယ်။ အဲဒီတော့ ငါက မေးတာပေါ့။ သူက လူပျိုလူလွတ်လားလို့ မေးလိုက်တယ်။ အဲဒီတော့ အဲဒီဗေဒင်မေးတဲ့ အမက ဟုတ်တယ်လေ ဆရာရဲ့။ သူပြောတာကတော့ လူပျိုလို့ ပြောတာပဲလို့ ပြန်ပြောတယ်။ အဲဒီတော့ ငါက ကျွန်တော့်တွက်ကိန်းထဲမှာတော့ လူပျိုလူလွတ်လို့ မမြင်ဘူး။ အိမ်ထောင်ရှိတယ် လို့ မြင်တယ်လို့ ငါက ဟောလိုက်မိတယ်။
ပြောရရင်တော့ဟာ အဲဒီ ပြဿနာကြောင့် သူတို့နှစ်ယောက် မယူဖြစ်တော့ ဘူးဆိုကြပါစို့။ အဲဒီမှာပဲ မလေးရှားက ကိုယ်တော်ချောက သူ့အကြောင်းတွေ ငါ့ကြောင့် ပေါ်ကုန်တယ်ဆိုပြီး နေ့တိုင်းကို ဖုန်းဆက်ပြီး ဆဲတော့တာပဲ။ ဆဲတာမှ ပက်ပက်စက်စက် ဆဲတာနော်။ အမေတွေရော နှမတွေရော အကုန်ပါတော့တာပဲ။ ပြီးတော့ ပြောရဦးမယ်။ ဆဲတာကလည်း နေ့တိုင်းကို ဆဲတာနော်။ မနက်တစ်ခါ ညနေ တစ်ခါကို အချိန်မှန်ကို ဆဲတာနော်။ ပထမတစ်ရက်တုန်းကတော့ နည်းနည်းလေး သီးခံနိုင်ခဲ့တာ။ နောက် တဖြေးဖြေး သဘောပေါက်လာတာက သူက တမင်ကို ရည်ရွယ်ပြီး ဆဲနေတာကို သိလိုက်တယ်။ အဲဒါကြောင့် အဲဒီ အမဆီက ဓာတ်ပုံကို တောင်းပြီး ကောင်းကောင်း မေတ္တာပို့ပေးလိုက်တယ်။ ၁၀-ရက်တောင် မကျော်ပါဘူး။ သူ ငါ့ကို ပြန်တောင်းပန်လာခဲ့တယ်။ အဲဒီ လူနဲ ငါနဲ့ ဒီနေ့အထိ မိတ်ဆွေတွေရင်းတွေလို ခင်မင်လာခဲ့တာ ဒီနေ့အထိပဲ။ ဒါက လက်တွေ့လေး တစ်ခုကိုပဲ ပြောပြခဲ့တာနော်။ အဲဒီလို လက်တွေတွေ အများကြီးပဲ။
အော်... နောက်တစ်ခုပြောရဦးမယ်။ တစ်ခါတုန်းက ငါ့ဆီမှာ ဗေဒင်လာမေးတဲ့ သူတစ်ယောက်က မြန်မာပစ္စည်း ရောင်းတယ်။ ဈေးရောင်းကောင်းမှန်း သိတော့ သူငှားနေတဲ့ အိမ်ပိုင်ရှင်က မနာလို ဖြစ်လာတယ်။ သူ့ကို မောင်းထုပ်ချင်တာနဲ့ ပြဿနာမျိုးစုံကို ရှာတော့တာပဲ။ အဲဒီမှာ သူလည်း စိတ်တော်တော် ညစ်သွားတယ်။ အခန်းပြောင်းရင် ကောင်းမလားလို့ ဗေဒင်လာမေးတာ။ ငါက အခန်းတော့ ချက်ချင်း မပြောင်းပါနဲ့။ အခုပေးလိုက်တဲ့ မေတ္တာပို့တဲ့ နည်းအတိုင်းလေး ပို့ကြည့်ပါဦးလို့ ပြောလိုက်တာ။ သူကလည်း မနက်တစ်ခါ ညတစ်ခါ အိမ်ရှင် အဘွားကြီးကို မေတ္တာပို့တယ်။ ဘယ်လောက်တောင် အဆင်ပြေသွားလဲ သိလား။ ပြောင်းမယ်လို့ ပြောတာတောင် အပြောင်းမခံတော့ဘူး။ ဒီနေ့အထိ သားအမိရင်းတွေလို ဖြစ်သွားတယ်။
ဒါကြောင့် ပြောချင်တာက ကိုယ့်မိသားစု အတွင်းထဲမှာပဲဖြစ်ဖြစ်၊ ကိုယ် သူငယ်ချင်း အပေါင်းအသင်းတွေထဲမှာ ပဲဖြစ်ဖြစ် ၊ ကိုယ့် အလုပ်ထဲက လုပ်ဖော်ကိုင်ဘက် အပေါင်းအသင်း သူငယ်ချင်း အထက်လူကြီး ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်အပေါ်ကို အလိုလိုနေရင်း အမုန်းစိတ်တွေ ၀င်နေမယ်၊ ကြည့်မရ ဖြစ်နေမယ်၊ အလိုလိုနေရင်း ပြဿနာရှာနေမယ်ဆိုရင် ဒီနည်းအတိုင်းသာ ဆောင်ရွက်လိုက်စမ်းပါ။ ငါ သေချာပေါက် အာမခံပါတယ်။ လုံးဝကို အဆင်ပြေသွားစေရမယ်ဟု ပြောလိုက်လေလျှင် သူသူအောင်က ဟုတ်ပါပြီ ဆရာရယ်။ အဲဒီနည်းကို သင်ပေးပါဟု ပြန်ပြောလေ၏။
လူတစ်ဦးတစ်ယောက်ကို မေတ္တာပို့တော့မယ်ဆိုရင် အရင်ဆုံး အကြည်ဓာတ် (၆)ပါးဆိုတာကို သိထားရမယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အကြည်ဓာတ် (၆) ပါးဆိုတာ ရှိတယ်။ အဲဒီ အကြည့်ဓာတ် (၆)ပါးကို အနုလုံပဋိလုံ ပို့ပေးရမှာ ။ မြန်မာလိုပြောရရင်တော့ အပြန်ပြန် အလှန်လှန်ပေါ့။ အရင်ဆုံး အကြည်ဓာတ်(၆)ပါးကို ပြောပြမယ်။
မျက်စိအကြည်ဓာတ်..........
နားအကြည်ဓာတ် ............
နှခေါင်းအကြည်ဓာတ်..........
လျှာအကြညဓာတ်............
ကိုယ်အကြည်ဓာတ်..........
ဟဒယ(နှလုံး)အကြည်ဓာတ်..........
အဲဒီ အကြည်ဓာတ် (၆)းပါးကို လေးလေးနက်နက် အာရုံပြုပြီး မေတ္တာပို့ပေးရမယ်။ မျက်စိအကြည်ဓာတ်ကို မေတ္တာပို့ပေးတော့မယ်ဆိုရင် သူ့ရဲ့ မျက်လုံးအတွင်းထဲက အကြည်ဓာတ်ကလေးကို အာရုံပြုပြီး နာမည်ကိုဆိုပြီး လေးလေးနက်နက် အာရုံပြုပြီး မေတ္တာပို့ပေးရမယ်။ နားဆိုလည်း နားပေါ့။ လျှာဆိုလည်း လျှာပေါ့။ ဥပမာ ဒီလို မေတ္တာပို့ပေးရမယ်။
ကိုဟိန်းတင့်ဇော်ရဲ့ မျက်စိအကြည်ဓာတ်လေး ကျန်းမာပါစေ.. ချမ်းသာပါစေ... အေးချမ်းပါစေ
ကိုဟိန်းတင့်ဇော်ရဲ့ နားအကြည်ဓာတ်လေး ကျန်းမာပါစေ... ချမ်းသာပါစေ ... အေးချမ်းပါစေ..
ကိုဟိန်းတင့်ဇော်ရဲ့ နှခေါင်းအကြည်ဓာတ်လေး ကျန်းမာပါစေ.. ချမ်းသာပါစေ... အေးချမ်းပါစေ
ကိုဟိန်းတင့်ဇော်ရဲ့ လျှာအကြည်ဓာတ်လေး ကျန်းမာပါစေ... ချမ်းသာပါစေ ... အေးချမ်းပါစေ..
ကိုဟိန်းတင့်ဇော်ရဲ့ ကိုယ်အကြည်ဓာတ်လေး ကျန်းမာပါစေ.. ချမ်းသာပါစေ... အေးချမ်းပါစေ
ကိုဟိန်းတင့်ဇော်ရဲ့ စိတ်အကြည်ဓာတ်လေး ကျန်းမာပါစေ... ချမ်းသာပါစေ ... အေးချမ်းပါစေ..
အဲဒီလို အစဉ်အတိုင်း ပို့ပြီးရင် နောက်တစ်ခေါက် အောက်ကနေ ပြန်ပြီးပို့ရမယ်။ ဒီနည်းအတိုင်းသာ ပို့ပေးပေတော့။

ဟုတ်ပြီနော်။ အဲဒီလို မေတ္တာပို့ပေးရမယ်။ မေတ္တာပို့တိုင်း မေတ္တာပို့တိုင်းလည်း မျက်စိဆိုရင် မျက်စိကို သေသေချာချာ အာရုံပြုရမယ်။ မြင်အောင် ကြည့်ရမယ်။ အဲဒီအတိုင်းသာ ပုံမှန် မေတ္တာပို့ပေးမယ်ဆိုရင် ငါ သေချာပေါက် ပြောနိုင်ပါတယ်။ နင် ပို့သတဲ့ မေတ္တာတရားဟာ ရက်ပိုင်းအတွင်း နင်ပို့ချင်တဲ့ လူရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို စိမ့်ဝင်ပျံ့နှံ့ သွားမယ်ဆိုတာကို ရဲရဲကြီး အာမခံပါတယ်ဟု ပြောလိုက်လေတော့၏။ သူသူအောင် လည်း ကျွန်ုပ်ပေးလိုက်သော အထက်ပါ မေတ္တာပို့နည်းကို စာရွက်တစ်ရွက်တွင် ကူးရေးပြီးလျှင် ကျွနုပ်အား နှုတ်ဆက်လျှက် ပျော်ရွှင်စွာ ပြန်သွားလေတော့သတည်း။

1 comments:
Thank you very much indeed.
Post a Comment